နေပြည်တော် ၊ ဇန်နဝါရီ ၂၁
တစ်ကျော့ပြန်အာဏာသိမ်းမှု သုံးနှစ်ပြည့်ခါနီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာ လူ စားလဲဖို့ အမျိုးသားရေးတက်ကြွသူ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ ဦးအရိယာဝံသနဲ့ တပ် ထောက်ခံသူတွေက ပထမဆုံး တောင်းဆိုလာကြပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ပေါက်ကိုယ်တော်ကနေ ဦးဆောင်ပြီး ကိုးကန့်အဖွဲ့ MNDAA စစ်သားတစ်ဦးက စေတီကိုတူနဲ့ထုတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုမှာ တောင်းဆိုခဲ့ကြတာပါ။
အဲဒီဆန္ဒပြမှုမှာ သံဃာတော်တွေအပါအဝင် စစ်မှုထမ်းဟောင်းတွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စစ် တပ်မြတ်နိုးသူတွေ စုစုပေါင်း ၃၂၀၀ လောက် ပါဝင်ခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။
တပ်ထောက်ခံသူတွေ ရာချီရှိနေတဲ့ ကွင်းပြင်မှာ ပေါက်ကိုယ်တော်က စင်ပေါ်ကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုပေးလိုက်ဖို့ အားနဲ့မာန်နဲ့ ဟော ပြောခဲ့တာပါ။
စင်အောက်ကနေ နားထောင်နေကြတဲ့ တပ်ထောက်ခံသူတွေကတော့ အရပ်ဘက်နဲ့ အင်မတန်မှကိုက်ညီတဲ့ ဝန်ကြီးချုပ်ရာထူးကို ဘုရားဒကာကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးလိုက်ဖို့ ဝိုင်းထောက်ခံခဲ့ကြသလို ပေါက်ကိုယ်တော်ကလည်း အလားတူ မိန့်ကြားခဲ့တာပါ။
စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ဒီလိုတောင်းဆိုလာတာဟာ တပ်ကိုစစ်ခေါင်းဆောင်က ထိန်းသိမ်းကာကွယ်နိုင်တဲ့ အရည်အချင်းမရှိတာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ တပ်က အရှုံးကြီးရှုံး သိက္ခာကျပြီးတဲ့ အနေအထားဖြစ်လာတာလို့ သုံးသပ်ပါတယ်။
“ဒီလိုတောင်းဆိုမှုတွေ ဖော်ထုတ်လာတာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ တပ်မတော်ဟာ အရှုံးကြီးရှုံး သိက္ခာအကျကြီးကျပြီးတဲ့ အနေအထားဖြစ်လာလို့ပါ။ လောက်ကိုင်မှာ ဒကစမှူး ၆ ဦးအပါအဝင် ၄၂၀၀ ကျော် လက်နက်ချတဲ့ ဖြစ်ရပ်ကလည်း စစ်တပ်အတွင်းသာမက တကမ္ဘာလုံးကို ဂယက်ရိုက်နေတာပါ။ ဆိုရရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ တပ်ကိုထိန်းသိမ်းကာကွယ်နိုင်တဲ့ တာဝန်ယူနိုင်တဲ့ အရည်အချင်းမရှိတာကြောင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုမှုတင်ပြလာကြတာပါ။ ဒါပေမယ့် ကျွန် တော်တို့ အမြင်အရတပ်ချုပ်နေရာ အစားထိုးလည်း လက်ရှိအရှုံးကြီးရှုံးနေတဲ့ စစ်တပ်ရဲ့ရှုံးပွဲကို ဘယ်လိုမှ ကာကွယ်တားဆီးနိုင်မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ၂၀၁၁ ခုနှစ်မှာ လွှဲပြောင်းခန့်အပ်ခဲ့တာပါ။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ ပေါ် ပေါက်လာနေတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတိုက်ပွဲဟာ စစ်တပ်ကိုပြိုကျစေတဲ့အထိ အရေးမလှဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ် ဆင်ရေးဟာ စစ်တပ်ကိုတပ်ရင်းလိုက်ရော ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်အထိပါ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အင်အားထောင်ချီ လက်နက်ချအညံ့ခံခဲ့ရတာပါ။
ဒါဟာ စစ်တပ်ကို ခေါင်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တပ်အသိုင်းအဝိုင်းနဲ့ တပ် ထောက်ခံသူတွေက ထောက်ခံမှုကျဆင်းလာနေပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲလာခြင်း ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး လင်းထက်အောင်က တပ်ချုပ်နေရာ လူစားလဲဖို့ တောင်းဆိုမှုအပေါ် စစ်တပ်ခေါင်း ဆောင်တွေကြား ပြိုကွဲနေပြီလားဆိုတဲ့ သံသယရှိနိုင်ပေမယ့် အခုအခြေအနေမှာ တပ်ခေါင်းဆောင်လုပွဲကဖြစ်နိုင်ဖို့ ခက်ခဲတယ်လို့ သုံးသပ်ပါတယ်။
“စစ်တပ်ဟာ အခုတောင်းဆိုမှုအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ထင်သလို သူတို့ရဲ့ ခေါင်းဆောင်ပိုင်းကြားထဲမှာ ပြိုကွဲနေပြီလားဆိုတာ နည်းနည်းတော့ သံသယရှိစရာကောင်းတယ်လို့ မြင်တယ်။ တကယ်တမ်းကျတော့ စစ်တပ်မှာ ခေါင်းဆောင်နေရာလုပွဲဆိုတာက အခုအခြေအနေမှာ ဖြစ်နိုင်ဖို့ တော်တော်လေး ခက်ခဲတယ်လို့ မြင်မိပါတယ်။ လက်ရှိစစ်ဗိုလ်ချုပ်တော်တော်များများဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အာဏာတွေကိုစွန့်ပြီး ဒီလိုမျိုးရင်းရဲတဲ့သူက နည်းပါတယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှုအပြီး တပ်ချုပ်ရာထူးအပြင် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာဥက္ကဌနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးအဖြစ် အလုံးစုံသော အာဏာတွေနဲ့ သုံးနှစ်တာအတွင်း ဆုပ်ကိုင်ခဲ့တာပါ။
တစ်ဖက်မှာ အရေးပေါ်ကာလသက်တမ်း ၆ လ တစ်ကြိမ်တိုးယူပြီးချိန်နဲ့ မတိုးယူခင်အချိန်တွေမှာလည်း ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေကြားမှာ ကောင်စီဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို လူစားလဲတာပြုလုပ်ခဲ့ပေမယ့် စစ်ခေါင်းဆောင်ကတော့ ရာထူးမြဲလျက်ပါပဲ။
စစ်ရေးအကဲခတ်တွေကတော့ တကယ်လို့များ တပ်ခေါင်းဆောင်အပြောင်းအလဲရှိလာခဲ့ရင်လည်း မြို့တွေ တပ်စခန်းတွေ စစ်ပစ္စည်းသောင်းချီ ဆုံးရှုံးနေတဲ့ စစ်တပ်ရဲ့ ရှုံးပွဲကို ဘယ်လိုမှကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း စစ်ဗိုလ်ချုပ်တွေဟာ ရာထူးကြီးလာလေ ကိုယ်ကျိုးစီးပွား ဖက်တွယ်လာလေဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ အမှန်တရားဘက်ကို ရပ်တည်နိုင်တဲ့သူ စစ်တပ်ထဲ မရှိသလောက် နည်းတယ်လို့ ထောက်ပြကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော် လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ထိုးစစ်အသွင် ရင်ဆိုင်နေရပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေးတွေမှာ ၃၁ မြို့ထက်မနည်း လက်လွှတ်ထားရပါတယ်။
၆ လ တစ်ကြိမ် တိုးယူခဲ့တဲ့ အရေးပေါ်သက်တမ်းကလည်း ၁၀ ရက်သာ ကျန်ရှိတော့တဲ့အတွက် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးကနေ အာဏာဆက်မြဲဖို့ ဘယ်လိုတွေ သက်တမ်းတိုးပြီး ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပေါ်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI