ရေး၊ ဇန်နဝါရီ ၂၀

ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးမြို့နယ် ကမ်းနီကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခတ်မှုကြောင့် ကွမ်းခြံတွေအ တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကနေ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကမ်းနီးကျေးရွာအနီးပတ်ဝန်း ကျင်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ ကမ်းနီကျေးရွာရှိ ကွမ်းခြံတွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကွမ်းသီးပင်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ် ရာရတာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေသလို မွန်ပြည်သစ်ပါတီကို အကာအကွယ်ပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကမ်းနီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေဖြစ်တဲ့ နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ကို သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ထားတဲ့ မွန်ပြည်သစ်ပါတီဟာ သူတို့ပါတီ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ထိန်းသိမ်းပေးဖို့ ပြီးခဲ့တဲ့နှစ်တုန်းက စစ်ခေါင်းဆောင်နဲ့ တွေ့စဉ်တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း ရေးမြို့နယ် ဝင်းတမော့ကျေးရွာထဲ စစ်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် ဒေသခံမွန်အမျိုးသမီး မိထွေးထွေးကြည် သေဆုံးမှုအပေါ် တာဝန်ယူပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရထံ တောင်းဆိုဖူးပါတယ်။

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ကြားနေမူဝါဒကို ဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူတွေအပေါ် ကာကွယ်ပေးနိုင်ခြင်း မရှိတဲ့အတွက် မွန်သံဃာတော်တွေအပါအဝင် ဒေသခံပြည်သူတွေရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေက အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရ ၂၀ နီးပါး ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.