မော်လမြိုင် ၊ ဇန်နဝါရီ ၂၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံအတိုင်းအတာအရ ဆဋ္ဌမနေရာကနေ ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရရှိခဲ့တဲ့အတွက် မွန်ညီညွှတ်ရေးပါတီဟာ စစ်ကောင်စီကြောင့် နာသုံးနာပါတီဖြစ်နေရတယ်လို့ နိုင်ငံရေးသုတေသနအဖွဲ့အဖြစ်တဲ့ ရာမညအင်စတီကျူရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရာမညအင်စတီကျူရဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ နဲ့ မွန်နိုင်ငံရေး အပတ်စဉ်သုံး သပ်ချက် အစီရင်ခံစာအရ မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲနာကျင်မှု၊ စစ်ကောင်စီအဖွဲ့ဝင် နာကျင်မှုနဲ့ ပါတီတည်ထောင်ခွင့် နာကျင်မှုတို့ကို တွေ့ရတယ်လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး‌ကောက်ပွဲမှာ မွန်လူထုထောက်ခံမှုကြောင့် ကိုယ်စားလှယ် ၁၂ နေရာအထိ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုအတွင်း ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံခဲ့ရတာပါ။

ဒီအပေါ် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲရလဒ်အတွက် နာကျင်မှုဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ရမယ့်အစား လက်တွေ့မှာ စစ်ကောင်စီနဲ့ ပူး ပေါင်းလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီ စေလွှတ်ခဲ့တဲ့ ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက ပြည်ထောင်စုအဆင့်ဖြစ်ပြီး နိုင်လယိတမက မွန်ပြည်နယ်အဆင့် ကောင်စီဝင်ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေါက်တာ ဗညားအောင်မိုးကို ကောင်စီဝင်အဖြစ်ကနေ ဖြုတ်ချပြီး ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ပေမယ့် နိုင်လယိတမကတော့ နဂိုအတိုင်းဆက်ရှိနေပြီး စီးပွားရေးဝန်ကြီးအဖြစ် ဆက်လက်ပါဝင်နေတာပါ။

မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်ကောင်စီနဲ့ အနီးကပ်ပူးပေါင်းမှု လုပ်နေပေမယ့် ရွေးကောက်ပွဲကော်မရှင်ကနေ ပြင်ဆင်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီဆက် လက်တည်ထောင်ခွင့်အတွက် တစ်ဆင့်နိမ့်ပြီး ပြည်နယ်အဆင့် လျှောက်ထားပေမယ့် ဒီကနေ့အထိ ပါတီမှတ်ပုံတင် မကျသေးပါဘူး။

မွန်နိုင်ငံရေးအကဲခတ်ကတော့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးနောက်ပိုင်း ပါ တီဝင်တွေ နုတ်ထွက်တာ ရှိသလို တော်လှန်ရေးကို အားပေးတဲ့သူတချို့လည်း ရှိတဲ့အတွက် စစ်ကောင်စီက ပါတီကို မယုံကြည်တာကြောင့် မှတ်ပုံတင်မချပေးတာလို့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။

တစ်ဖက်မှာတော့ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြည်နယ်အဆင့် ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ လျှောက်ထားပေမယ့် အခုထိမကျသေးပါဘူး။

မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက မွန်ညီညွတ်ရေးပါတီအနေနဲ့ ရွေး‌ကောက်ပွဲဆိုင်ရာဥပဒေအရ ပြည်ထောင်စုအဆင့် ဝင်မပြိုင်နိုင်တဲ့အတွက် ပြည်နယ်အဆင့် သီးခြားပါတီနှစ်ခု ခွဲထွက်ပြီး လုပ်ရတဲ့ အခြေအနေဟာ ပါတီကွဲသွားတဲ့သဘောလို့ သုံးသပ်ပါတယ်။

“မွန်ညီညွတ်ရေးပါတီကို တစ်ချက်တော့ ပြန်ပြီးစဉ်းစားစေချင်တာက လက်ရှိအခြေအနေဆိုရင် စစ်ကောင်စီက ရွေးကောက်ပွဲကိုပြန်ပြီး ကျင်းပပေးနိုင်မလား။ လက်ရှိပဋိပက္ခအခြေအနေကြောင့် ဘယ်လိုမှ ကျင်းပနိုင်စရာအကြောင်းမရှိဘူး။ နောက်တစ်ချက် မင်းအောင်လှိုင်ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေဆိုရင် မွန်ညီညွတ်ရေးပါတီက နှစ်ခြမ်းကွဲသွားသလို ဖြစ်တာပေါ့။ ပြည် ထောင်စုအဆင့်မှာ သူဝင်မပြိုင်နိုင်ဘူးဆိုတော့ ပြည်နယ်အဆင့် ဝင်ပြိုင်မယ်ဆိုတော့ လက်ရှိမွန်လူဦးရေအများဆုံးရှိတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွက်ဆို သီးခြားပါတီတစ်ခု ခွဲထွက်ပြီးလုပ်ရတဲ့ အခြေအနေဖြစ်နေတယ်။ ဆိုတော့ ဒါကပါတီကွဲသွားတယ်လို့ ပြောလို့ရတာပေါ့”လို့ ဆိုပါတယ်။

ရာမညအင်စတီကျူကတော့ မွန်ညီညွတ်ရေးပါတီကို သာမန်ကြည့်ရင် စစ်ကောင်စီအပေါ် နာကျဉ်းစရာသာရှိပြီး မိတ်ဖက်ဖြစ်စရာတစ်ကွက်မှ မတွေ့ရပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ် တပ်က ကာကွယ်‌စောင့်‌ရှောက်ပြီး မွန်ညီညွတ်ရေးပါတီက လိုက်နာကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

အကြောင်းအရင်းမှာ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအတည်ပြု ပြဌာန်းနိုင်ရေး အမျိုးသားညီလာခံတက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ဟောင်း ၅ ဦးကို လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ပေးအပ်လိုက်ခြင်းပါ။

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ဟောင်း ၅ ဦးထဲက ၄ ဦး ဟာ မွန်ညီညွတ်ရေးပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြသလို စစ်တပ်နဲ့အတူ နိုင်ငံရေး ကစားဖော်ကစားဖက်တွေ ဖြစ်နေတာလို့ ရာမညအင်စတီကျူရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ နိုင်ငံ‌ရေးအာဂျင်ဒါနဲ့ မွန်ညီညွတ်ရေးပါတီတို့ ဆက်စပ်မှုအ ခြေအနေကို ခန့်မှန်းနိုင်မယ်လို့ ဆိုထားပေမယ့် စစ်တပ်နဲ့အတူ နိုင်ငံရေးကစားဖော် ဖြစ်ကြသူတွေကိုတော့ အမည်ဖော်ပြခြင်း မရှိခဲ့ပါဘူး။

လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ရရှိခဲ့တဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ဟောင်း ၅ ဦးထဲမှာ နိုင်ချမ်းတွဲ၊ နိုင်အောင်နိုင်၊ နိုင်တလညီ၊ နိုင်လဝီအောင်နဲ့ နိုင်တင်လှတို့ ဖြစ်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.