တိုကျို၊ဇန်နဝါရီ ၂၀

ဂျပန်နိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူခွင့်ပြုတဲ့စာချုပ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

တာဝေးပစ်ဒုံးကျည်အစင်း ၄၀၀ ဝယ်ယူရေးအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ် အမ်မြူရယ်တို့ဟာ တိုကျိုမှာ လက်မှတ်ရေးထိုးခဲ့တာပါ။

တရုတ်၊မြောက်ကိုရီးယားနဲ့ရုရှားတို့ရဲ့ အန္တရာယ်တွေအပါအဝင် ဒေသတွင်းအန္တရာယ်တွေကို တားဆီးဖို့နဲ့ သူတို့ရဲ့ စစ်ရေးစွမ်းအင်တွေ တိုးမြှင့်ဖို့ လုပ်ဆောင်နေချိန်မှာ အခုလို ဒုံးကျည်တွေ ဝယ်ယူခဲ့တာပါ။

ကြေညာချက်တစ်ရပ်အရ ဂျပန်ဟာ အဲဒီဒုံးကျည်တွေကို ၂၀၂၅ နဲ့ ၂၀၂၇ ကြား ဘဏ္ဍာရေးနှစ်ကြားကာလအတွင်း ဝယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်ကိုကျူးကျော်လာတဲ့ တပ်ဖွဲ့တွေကို ဟန့်တားနိုင်ရေး၊ချေမှုန်းနိုင်ရေးအတွက် စစ်တပ်အနေနဲ့ ကာကွယ်ရေး စွမ်းအင်တွေတိုးမြှင့်ဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်အနေနဲ့ သူတို့စစ်တပ်ရဲ့ ခုခံကာကွယ်ရေးစွမ်းရည်တိုးမြှင့်ရေးအတွက် နောက်ထပ် ဒုံးကျည်တွေ ဝယ်ယူဦးမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ရန်လိုတဲ့ အပြုအမူတွေပိုများလာပြီး ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာချိန်မှာ အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဂျပန်နိုင်ငံက ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်နဲ့တင်းမာနေတဲ့ နိုင်ငံငယ်လေးတွေဟာ အမေရိကန်ရဲ့ လက်နက်တွေ ဝယ်ယူရေး၊ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေနဲ့ စစ်ရေးနည်းပညာဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ဂျပန်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးပိုမိုအားကောင်းလာတာနဲ့ပတ်သက်ပြီး စိုးရိမ်နေသလို မြောက်ကိုရီးယားရဲ့ နျူလက်နက်နဲ့ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကြောင့်လည်း စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။

Ref: foxnews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.