သိမ်ဇရပ်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သိမ်ဇရပ်မြို့ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ Gods Of Death (G.O.D) မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့နဲ့Yangon Eagles ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး ၄၀ မမတွေနဲ့ လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးသီးတွေဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ ၂ ဦး သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲစခန်းတိုက်ခိုက်မှုအတွင်း စခန်းဘက်ကနေ အော်ဟစ်ဆဲဆိုပြီး ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို စခန်းအတွင်းမှာ ထိခိုက်ဒဏ်ရာရကြောင်း ပြောဆိုသံတွေ ကြား တယ်လို့ ဆိုပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့ ရွာလေးကွက်သစ်ရပ်ကွက်နေ ဒေသခံကိုကျော်နိုင်ထွန်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးခွကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံလူငယ်နှစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

သိမ်ဇရပ်မြို့ရဲစခန်းဟာ အာဏာသိမ်းကာလအတွင်း ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက် ခိုက်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.