သထုံ၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး မှာ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ အမျိုးသား တစ်ဦး ပစ်သတ်ခံလိုက်ရတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကိုမျိုးမင်း+မမိလေး ကားလက်မှတ်အရောင်းဆိုင်ကို လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး ကားလက်မှတ်အရောင်း ကိုယ်စားလှယ် အသက် ၃၀ အရွယ် ကိုမျိုးမင်းကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့အတွက် သေဆုံးသွားတာ ဖြစ်ပါတယ်။

“သေနတ်သံတွေကြားလိုက်ပြီးတော့ အဲဘက်ခြမ်းက အော်သံတွေလည်းကြားလိုက်တယ်။ နောက်မှ သိရတာက ကားလက်မှတ်အရောင်းဆိုင်ထဲမှာ ဝင်ပစ်သွားတာ၊ ဆိုင်ရှင်က ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုမျိုးမင်းဟာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ သေနတ်ဒဏ်ရာ ၅ ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုမျိုးမင်းဟာ မိသားစုစားဝတ်နေရေးအတွက် ကားလက်မှတ်ရောင်းတာ၊ အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူသာဖြစ်ပြီး စစ်ကောင်စီအပြင် PDF တွေနဲ့လည်း ပတ်သက်သူမဟုတ်ဘူးလို့ ဆိုပါတယ်။

သထုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကိုမျိုးမင်း ပစ်ခတ်မှုကို သူတို့ဘက်က လုပ်ဆောင်တာ မဟုတ်ကြောင်းနဲ့ အခုဖြစ်အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

သထုံမြို့နယ်မှာ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ရဲ့ နေ့ညရောပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိနေသလို အရပ်သားပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.