မော်လမြိုင် ၊ ဇန်နဝါရီ ၁၉

အခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ရော်ဘာတန်ချိန် သုံးသိန်းတင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောဆိုထားပေမယ့် လက်တွေ့မဖြစ်နိုင်ကြောင်း ရော်ဘာလုပ် ငန်းရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်စဉ်ရော်ဘာတန်ချိန် လေးသိန်းနီးပါး ထွက်ရှိနေသလို ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်း ပြည် ပနိုင်ငံတွေထံ ရော်ဘာတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့တာပါ။ အခုဘဏ္ဍာရေးနှစ်မှာတော့ ရော်ဘာတန်ချိန် သုံးသိန်း တင်ပို့သွားမယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာရဲ့ အဆိုအရ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်း ရော်ဘာတွေ မတင်ပို့နိုင်တာဟာ ငွေကြေးမူဝါဒကြောင့် တစ်တန်ကို ကျပ် ၈ သိန်းကနေ ၁၀ သိန်းအထိ အရှုံးပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဖြေလျှော့မှုတွေကြောင့် ပို့ကုန်သမားတွေ ရော်ဘာတင်ပို့နိုင်တော့မယ်လို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကတော့ ရော်ဘာတန်ချိန်သုံးသိန်း ပြည်ပတင်ပို့မယ့် မျှော်မှန်းချက်ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေမလုံခြုံမှုပြဿနာတွေအပြင် တိုက်ပွဲတွေကြောင့် ရော်ဘာခြံတွေ အစေးမခြစ်နိုင်တဲ့ အတွက် လက်တွေ့ မဖြစ်နိုင်သလို ၅၀ ရာခိုင်နှုန်း တင်ပို့ဖို့အတွက်တောင် အနိုင်နိုင်ပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရော်ဘာတန်ချိန် သုံးသိန်းကတော့ ပြည့်ဖို့မလွယ်လှဘူး။ ၅၀ရာခိုင်နှုန်းလောက် ရဖို့တောင် အနိုင်နိုင်ပါပဲ။ အဓိက အကြောင်းအရင်းကတော့ ပို့ကုန်ပို့မယ့် အချိန်ကာလက နောက်ကျတာတစ်ခုရယ်၊ နောက်ပြီးတော့ နယ်မြေဒေသလုံခြုံရေးပေါ့နော်။ အဲဒီဟာတွေလည်း အကျုံးဝင်တာပေါ့။ အဲဒီထဲမှာ ဒေသမတည်ငြိမ်တဲ့ လုံခြုံ ရေးမတည်ငြိမ်သေးတဲ့ ဒေသကျတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ တချို့တွေက လုံးဝ မဖွင့် နိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်ပေါ့နော်။ တချို့ဒေသတွေမှာဆိုရင် လုံးဝခြံမဖွင့်ရတဲ့ အနေအထားမျိုး လည်း ရှိတယ်လေ”လို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း လုပ်သားရှားပါးလာတာ၊ သွင်းအားစုကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ အက်စစ်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် မကာမိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ရော်ဘာငန်းရှင် နောက်တစ်ဦးကလည်း လက်ရှိ တိုက်ပွဲတွေကြောင့် ရော်ဘာစေးမလှီးနိုင်တဲ့ ခြံတွေ အများကြီး ရှိနေတာ၊ အရင်လို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတင်ပို့ဖို့ အခက်ကြုံနေရတယ်လို့ သံလွင် တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိအနေအထားအရ စစ်ဖြစ်နေတဲ့ ဧရိယာအတွင်းမှာ အစေးမလှီးရတဲ့ ခြံတွေ အများကြီးရှိလာတယ်။ နံပါတ်နှစ်အချက်အနေနဲ့က ကျွန်တော်တို့က ဒီလုပ်ငန်းကို သွားတဲ့အခါကျတော့ အရင်တုန်းကတော့ သူတို့က တန်ချိန် သုံးသိန်းလို့ ပြောတဲ့အချိန်မှာ မွန်ပြည်နယ်မှာကို တန်ချိန်တစ်သိန်းလောက် ထွက်တယ်။ တစ်သိန်း လောက် ထွက်တဲ့အချိန်မှာ နယ်စပ်ကုန်သွယ်ရေးကို အားကိုးပြီးတော့ နယ်စပ်ကုန်သွယ်ရေးကနေ ထွက်တာ များတယ်။ ဒီနှစ်မှာ ဆိုလို့ရှိရင် နယ်စပ်ကုန်သွယ်ရေးကနေ ထွက်တဲ့ဟာက တော်တော်လေး နည်းသွားပြီ”လို့ ဆိုပါတယ်။

တဖက်မှာတော့ ရော်ဘာလုပ်ငန်းရှင်တွေဟာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ကနေ ရော်ဘာတင်ပို့ဖို့ အခက်အခဲရှိနေတာကြောင့် ရေကြောင်းတွေမှတဆင့် သင်္ဘောတွေနဲ့ တင်ပို့နေရ တဲ့အတွက် ကုန်ကျစရိတ် ကြီးမြင့်မှုကို အကြီးအကျယ် ခံစားနေရပါတယ်။

ဒါ့အပြင် ဒီနှစ်မှာရာသီဥတု အပြောင်းအလဲကြောင့် ရော်ဘာ ရွက်ကြွေကာလ စောလာတဲ့အတွက် အထွက်နှုန်း သိသိသာသာ ကျဆင်းနေသလို ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်းထားတယ်လို့ ရော်ဘာခြံလုပ်ငန်းရှင် တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းမှာ ရော်ဘာသွင်းကုန်တွေ လျော့ချ ဖို့အတွက် အဆင့်မြင့်ထုတ်ကုန်တွေ မဖြစ်မနေထုတ်လုပ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ မြန်မာရော်ဘာဖိုရမ် ၂၀၂၃ မှာ ဖိအားပေး ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရော်ဘာတွေကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ အများဆုံး ထွက်ရှိတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံထံ တင်ပို့ရောင်းနေတာ ဖြစ်ကာ ကျန် ရော်ဘာတွေကိုတော့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားအပြင် တခြားနိုင်ငံတွေကို တင်ပို့တယ်လို့ သိ ရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.