ဘီးလင်း၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ ဇီးဝန်းအမြောက်တပ်ကနေ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အရပ်သားပြည်သူတွေ နေထိုင်ရာ တက်တူးကုန်းကျေးရွာထဲ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျေးရွာအတွင်းရှိ နေအိမ် နှစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၂၂ နှစ်အရွယ် မစန္ဒာ၊ အသက် ၄၉ နှစ်အရွယ် ဒေါ်နော်မူနဲ့ နော်ကော်လာမူတို့ ထိမှန်သေဆုံးခဲ့တာပါ။

ဒါ့အပြင် အသက် ၂ နှစ်အရွယ် မောင်ရဲရင့်အောင်၊ ဒေသခံအမျိုးသမီးဖြစ်တဲ့ ဒေါ်တောသာ၊ ဒေါ်ခင်သန်း၊ဒေါ်ခင်ဝင်းလှိုင်၊ မဝါဝါသင်းအပါအဝင် ဒေသခံ ၇ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ တက်တူးကုန်းကျေးရွာဟာ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်အုပ်ချုပ်နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် ကော့လှိုင်းနဲ့ကုလားကုန်ကျေးရွာကြား စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့လှိုင်းကျေးရွာဒေသခံတွေဖြစ်တဲ့ စောသန်းမြင့်နဲ့နော်ကူးကူးတို့ လင်မယား နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်နယ်မြေဖြစ်တဲ့ ဘီးလင်းနဲ့သထုံမြို့နယ်ထဲကို အခုနှစ်ဆန်းပိုင်းစကပြီး စစ်ကောင်စီတပ်ရဲ့ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိနေသလို အရပ်သားပြည်သူ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.