ထားဝယ်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံဆယ်နဲ့ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကြောင်းလှုပ် ရှားနေတဲ့စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးနောက် မောင်မယ်ရှောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ ဒေသခံတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံ ၈၀ နီးပါးကို ရွာလယ်ရှိ ရှင်ဓာတ်ဝဲဘုရားမှာ ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ပြီးနောက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာရှိ ဆိုင်ကယ် ၇စီးထက်မနည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁ ဦး သေဆုံးပြီး ဒေသခံအမျိုသား ၁ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ရန်ကုန်-ထားဝယ်ကားလမ်း အချိန်တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းလောက်မှာ ပုံမှန်အတိုင်း ပြန်လည်သွာလားနေကြပြီလို့ ခရီးသွားတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတုန်းကလည်း မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲဂိတ်အနီး စစ်ကောင်စီတပ်နဲ့ PDF တပ်တို့ကြား နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.