ဘန်ကောက်၊ ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကိုဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့တယ်လို့ တရားဥပဒေအခွင့်အရေးဆိုင်ရာအဖွဲ့တစ်ခုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ချမှတ်ခဲ့တာဖြစ်ပြီး အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးချမှု ပိုမိုများပြားလာခဲ့တာပါ။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မွန်ကိုးလ် သီရာကော့ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာတွေနဲ့ပတ်သက်ပြီး ချင်းမိုင်အယူခံတရားရုံးတစ်ရုံးက ထောင်ဒဏ် ၅၀ ချမှတ်ခဲ့ တာဖြစ်ပါတယ်။

သူ့ကိုရာဇဝတ်တရားရုံးတစ်ခုက ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံခဲ့ရပြီးနောက် အယူခံဝင်ချိန်မှာ နောက်ထပ် စွဲချက် ၁၁ ခုထပ်တွေ့ခဲ့ရတဲ့အတွက် ထောင်ဒဏ်ထပ်တိုးပြီးချမှတ်ခံခဲ့ရတာပါ။

တော်ဝင်မိသားစုကိုကာကွယ်ရေးဥပဒေဟာ ဘုရင် ဗာဂျီရာလောင်ကွန်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို မဝေဖန်ရဘူးလို့ တားမြစ်ထားသလို အဲဒီဥပဒေကိုပြဌာန်းထားတဲ့ ဥပဒေပုဒ်မ နံပါတ်အရ ၁၁၂ လို့ ထိုင်းနိုင်ငံမှာ လူအများက ခေါ်နေကြတာဖြစ်ပါတယ်။

အွန်လိုင်ရှော့ပင်လုပ်ကိုင်တဲ့ မွန်ကိုးလ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲအတွင်း ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်က လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ အင်အား သောင်းနဲ့ချီ ပါဝင်ခဲ့ကြပြီး တော်ဝင်ဥပဒေကိုလည်း ပြောင်းလဲရေး တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေစတင်ပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူ ၂၅၀ ကျော်ဟာ အဲဒီဥပဒေနဲ့ ဖမ်းဆီးအရေး ယူခံခဲ့ရတယ်လို့ သိရပါတယ်။

တော်ဝင်မိသားစုကိုစော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၂၁ ခုနှစ်ကလည်း အမျိုးသမီးတစ်ဦးကို ထောင် ၄၃ နှစ်ချမှတ်ခဲ့သေးတယ်လို့ ထိုင်းလူ့အခွင့်အရေးရှေ့နေများအဖွဲ့ TLHR ကပြောပါတယ်။

ဒါ့အပြင် ဆန့်ကျင်သူတွေကို နှုတ်ပိတ်ပစ်ဖို့ အစိုးရက အဲဒီဥပဒေကိုအသုံးချနေတာဖြစ်တယ် လို့လည်း ဝေဖန်သူတွေက စွပ်စွဲထားပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.