ကျိုက်ထို၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၀) အ မြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ကျောက်ပုံကြီးကွင်း နဲ့သုံးခွကျေးရွာတွေထဲ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွ ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဇော်ဇော်အောင်နဲ့ အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးတို့ ပေါင်နဲ့ကျောပြင်တွေမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းက ပဲခူးတိုင်း ဝေါမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတဲ့အတွက် PDF တွေ ရှိနိုင်တဲ့နေရာ တွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၂ ဦးကိုတော့ သိမ်ဇရပ်တိုက်နယ်ဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ သိမ်ဇရပ်ဒေသမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတာနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.