တနင်္သာရီ၊ ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ညောင်ပင်ကွင်း အခြေစိုက် ခမရ-၅၆၁ တပ်နဲ့ ညောင်ပင်ကွင်းကျေးရွာ စစ်ဆေးရေး တံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁) က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ အချိန် ၃ နာရီ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံးလည်း ထိမှန်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ ည ၉ နာရီ အချိန်ခန့်မှာလည်း ညောင်ပင်ကွင်းကျေးရွာ စစ်ဆေးရေးတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ညောင်ပင်ကွင်း အခြေစိုက် ခမရ-၅၆၁ တပ်ရင်းက ဒီနေ့အထိ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ရေဖြူနဲ့ ရှမ်းအင်းတော် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တနင်္သာရီပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးကို ရှေးရှုကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဒေသပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈၉ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ခရိုင်အမှတ်(၂) တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.