လွိုင်ကော် – ဇန်နဝါရီ ၁၇

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာရှိတဲ့ သမိုင်းဝင် မြို့နာမ်ရွှေစေတီကို KNPP နဲ့ PDF တပ်တွေ က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေနဲ့ ကာချုပ်ရုံး Website မှာ သတင်းမှားဖြန့်နေကြပါတယ်။

တော်လှန်ရေးတပ်တွေက အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမှုတွေ လုပ် ဆောင်ခဲ့တဲ့အတွက် ဘုရားစေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စေတီတော်နဲ့ တခြားသာသနိက အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်မှုနဲ့အတူ ပြည်သူထောက်ခံမှုမရှိတဲ့ စစ်ကောင်စီဟာ ဗုဒ္ဓဘာသာ အများဆုံးဖြစ်တဲ့ အချက်ကိုအခွင့်ကောင်းယူပြီး ပြည်သူတွေကို ဘာသာရေးမှိုင်းတိုက်နေတာ ဖြစ်တယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ အရပ်သားပစ်မှတ်တွေနဲ့ သာသနိက အဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်တာမရှိဘဲ စစ်ကောင်စီတပ်ကသာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေ တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို ဘာသာရေးမှိုင်းတိုက်ပြီး ပြည်သူတွေကို သတင်းမှားဖြန့်နေတာ အပြင် သူတို့ရဲ့ လက်ပါးစေတွေဖြစ်တဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ ရုပ်ရှင်အစည်းအရုံးလို အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေကိုပါ စစ်တပ် Website မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း MNDAA ကိုးကန့်တပ် ဝတ်စုံဝတ်ဆင်ထားသူက ဘုရားစေတီတဆူကို ထုနှက်ဖျက်ဆီးနေတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ဘာသာရေးပဋိပက္ခဖန်တီးဖို့ ကြိုးပမ်းခဲ့ ပါသေးတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – cincds

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.