မြောက်ဦး၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ ဘူသီးတောင်မြို့ပေါက်တောမြို့တွေမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက် ၅ နာရီအချိန်ခန့်မှာ ပေါက်တောမြို့နယ်၊ သံခုံကျေးရွာမှ စစ်‌‌တွေမြို့ကို ဈေးဝယ်ဖို့သွားတဲ့ ဒေသခံ အမျိုးသား ၄ ဦးကို အင်းပေါက်၀ ဆိပ်ကမ်းအရောက်မှာ စစ်တွေအမှတ် (၁) ရဲစခန်းရဲ့ ရဲတပ်သားတွေက ဖမ်းဆီး ခေါ် ဆောင်သွားပြီး စစ်ကောင်စီရဲ့ ခမရ(၂၀) တပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

နေ့လည် ၁ နာရီအချိန်ခန့်မှာ မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၄၀) ခြေမြန်တပ်ရင်းမှ ကိုင်းတောကျေးရွားထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာ အနီးရှိ လယ်ကွင်းတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၇ နှစ်အရွယ် အမျိုသား ၁ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ‌‌‌‌ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီ‌‌နေ့ ညနေ ၅ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့ အတွက်ကြောင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသား ၂ ဦး သေဆုံးခဲပြီး ကိုယ်ဝန်သည် အမျိုးသမီးအပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ည ၈ နာရီခွဲ အချိန်ခန့်မှာလည်း ဘူသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ -၂၂ လက်အောက်ခံ ခမရ(၂၀၉) တပ်ရင်းမှ စခန်းချ တပ်စွဲထားတဲ့ “စံဂိုတောင်တပ်စခန်း” နဲ့ “နွားရုံတောင်တပ်စခန်း” တို့မှ ဆင်သီပြင်ကျေးရွာထဲကို လက်နက်ကြီး ၉လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီလိုလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆင်သီပြင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်း အသက် ၇ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေး ၁ ဦးနဲ့ အသက် ၆၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး ၁ ဦး လက်နက်ကြီးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရိုဟင်ဂျာ ကလေးငယ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်းဖြင့် လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ဖြည့်တင်းနေပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ မတရား ဖမ်းဆီးမှုတွေနဲ့ လက်နက်အားကိုးဖြင့် အနိုင် ကျင့် ဗိုလ်ကျတာတွေနဲ့ လူသားဒိုင်းကာအဖြင့် ဖမ်းဆီးတာတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပိုမိုများပြားလာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်တွေမြို့နယ်၊ တောကန်ကျေးရွာက အရပ်သား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် အလုံး ၈၀ ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.