မင်းဘူး – ဇန်နဝါရီ ၁၇

မကွေးတိုင်း၊မင်းဘူးခရိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တွေက လက်နက်နဲ့ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စကု၊စလင်းနဲ့ ပွင့်ဖြူမြို့နယ်က လက်နက်ရရှိပြီးသား ပျူစောထီးတွေက လူငယ်တွေကို လက်နက်ကိုင်ရမယ်၊ အခွင့်အရေးရမယ်ဆိုပြီး စည်းရုံးနေတာပါ။

ပျူစောထီးတွေဟာ သူတို့ကိုယ်တိုင် တစ်ထောင့်ထိုး ပြောင်းချောလို့ယူဆရတဲ့ လက်နက်သာ ကိုင်ဆောင်ထားရပေမယ့် လူငယ်တွေကို မောင်းပြန်သေနတ်ရမယ်ဆိုတဲ့ မက်လုံးပေးပြီး စည်းရုံး နေတာဖြစ်တယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

“အုပ်ကြီးရဲ့တပည့်ကလာပြောတယ်။ အကျိုးခံစားခွင့်ရမယ် မနစ်နာစေရဘူး လက်နက်လည်း ရမယ်တို့နဲ့ ပူးပေါင်းလိုက်ဆိုပြီးလာပြောတာ သူကိုင်ထားတဲ့သေနတ်က တစ်ထောင့်ထိုးပုံစံလေး ပဲ” လို့ စည်းရုံးခံရတဲ့ စလင်းမြို့အခြေစိုက်လူငယ်တစ်ဦးက ပြောပါတယ်။

ပျူစောထီးတွေဟာ လူငယ်တွေကို ဇန်နဝါရီလ ပထမပတ်ထဲက စည်းရုံးရေးဆင်းနေတာဖြစ်ပြီး ပြည်သူတွေကြားထဲ ပျံ့နှံ့လာတာဟာ ဇန်နဝါရီလ ၁၃ ရက်နေ့မှဖြစ်တယ်လို့ သိရပါတယ်။ 

အခုလိုလူငယ်တွေကို လက်နက်နဲ့ အခွင့်အရေးပေးမယ်ဆိုပြီး စည်းရုံးနေတာဟာ စစ်တပ်ရဲ့ အင်အားလျော့နည်းလာမှုနဲ့အတူ စစ်တပ်အပေါ် ပြည်သူတွေရဲ့ သဘောထားကို မြင်တွေ့နိုင် တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့က သေနတ်ပြပြီး ပျူလုပ်ဖို့ခေါ်လေလေပြည်သူတွေက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုနီးစပ် လေပဲ။အခုလည်းရပ်ရွာထဲ ပျူလုပ်ဖို့စည်းရုံးပေမယ့် ပြေးသူကပြေး ငွေပေးပြီးငြင်းတဲ့သူတွေက ငြင်းတဲ့အသံတွေကြားနေရယ်” လို့ သူကပြောပါတယ်။ 

ဒါ့အပြင် ပျူစောထီးတွေဟာ သူတို့တောင် သေနတ်ကောင်းကောင်းမကိုင်ရဘဲ လူငယ်တွေကို သေနတ်ကိုင်ရမယ်ဆိုပြီးစည်းရုံးတာဟာ ရယ်စရာကောင်းတယ်လို့ ဆိုပါသေးတယ်။

အခုလိုစည်းရုံးမှုတွေ မပြုလုပ်ခင်တည်းက မျိုးချစ်လူငယ်လို့ အမှတ်အသားပါဝင်တဲ့ လူမျိုးရေး ကိုဦးတည်တဲ့စာတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက ရပ်ရွာတွေထဲမှာ လိုက်လံဖြန့်ဝေတာတွေပြု လုပ်နေတာပါ။

အဲဒီစာတွေကိုတော့ ဂန့်ဂေါ၊သရက်၊ချောက်နဲ့ မကွေးမြို့ပေါ်တွေမှာတွေ့ရပြီး ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဦးတည်တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့စာတွေဖြစ်တယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.