တီဟီရန်၊ ဇန်နဝါရီ ၁၈

ပါကစ္စတန်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ ဌာနချုပ်ကို အီရန်စစ်တပ်က ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ကာမန်မြို့ဗုံးခွဲတိုက်ခိုက်မှုနဲ့ဆက်နွယ်နေတဲ့ အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ ပစ်မှတ်တွေကို အီရန်စစ်တပ်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံပြီးနောက် ပါကစ္စတန်က ပစ်မှတ်တွေကို ထပ်မံတိုက်ခိုက်ခဲ့တာပါ။

အီရန်က သူတို့ကိုအန္တရာယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်မှု တွေလုပ်ဆောင်နေတာကြောင့် ဒေသတွင်း အခြေအနေတွေ ရှုပ်ထွေးမှုတွေပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။

ပါကစ္စတန်ကတော့ အီရန်ရဲ့ အကြောင်းမဲ့တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ရပြီး ဒီလုပ်ရပ်ဟာ မိမိတို့လေပိုင်နက်ကို ချိုးဖောက်မှုဖြစ်တယ်လို့ဆိုထားပြီး လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အီရန်ကတော့ ပါကစ္စတန်အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ် ခေါက်ဆက်ဇ်တောင်မှာ ရှိတဲ့ ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့ ဂျာအစ်ရှ် အယ်လ်အဒဲလ်ရဲ့ အမာခံ နေရာနှစ်ခုကို ဒရုန်းတွေ၊ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပါကစ္စတန်နဲ့ အီရန်ကြား ဆက်သွယ်ရေးလမ်းကြောင်းတွေ အများကြီးရှိနေပေမယ့် ဒီလိုတရားမဝင် တိုက်ခိုက်မှုက စိုးရိမ်စရာကောင်းတယ်လို့ ပါကစ္စတန်အစိုးရက ဆိုပါတယ်။

အီရန်စစ်တပ်က ဒရုန်းတွေ၊ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး တိုက်ခိုက်ရေးသမားတွေရဲ့ သားသမီးနဲ့ ဇနီးသည်တွေ နေထိုင်တဲ့ အိမ်နှစ်လုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဂျာအစ်ရှ် အယ်လ်အဒဲလ်အဖွဲ့က ပြောပါတယ်။

အဲဒီစစ်သွေးကြွအဖွဲ့က အီရန်ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အီရန်ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ စွပ်စွဲထားပါတယ်။

အီရန်နဲ့ ပါကစ္စတန် နယ်စပ်မှာ လွတ်လပ်တဲ့ ဒေသထူထောင်ဖို့ ရည်မှန်းထားတဲ့ အဲဒီစစ်သွေးကြွအဖွဲ့ဟာ နှစ်နိုင်ငံ နယ်စပ် ဒေသတွေမှာ လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်

Ref: Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.