နတ်သံကွင်း၊ ဇန်နဝါရီ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃)၊ မူးမြို့နယ် အုပ်ချုပ်နယ်မြေ၊ နတ်သံကွင်းမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား နှစ်စီးနဲ့ သံချပ်ကာကား တစ်စီးတို့ကို တင့်ဖျက်မိုင်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တင့်ကားတွေနဲ့ သံချပ်ကာကား ယာဉ်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်အတွင်း ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ထံ စစ်ကူလာတဲ့ လမ်းတလျှောက်မှာ တင့်ဖျက်မိုင်း ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တင့်ဖျက်မိုင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ တင့်ကား တစ်စီး နဲ့သံချပ်ကာကား တစ်စီးတို့ကို စစ်ကောင်စီတပ်ကနေ ပဲနွယ်ကုန်းမြို့ထံ ကရိန်းကားနဲ့ လာရောက်သယ်ဆောင်သွားကြောင်း ပဲနွယ်ကုန်းမြို့ခံတစ်ဦးရဲ့ ပြောကြားချက်အပေါ် KNU က ထပ်ဆင့်ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရပြီး ပျက်စီးသွားတဲ့ တင့်ကား တစ်စီးကတော့ နတ်သံကွင်းမြို့ ညောင်ဝိုင်းကျေးရွာအနီးမှာ ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စည်းကြိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.