ဘေဂျင်း ၊ဇန်နဝါရီ ၁၇

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရ ခေါင်းဆောင်အား ချီးကျူးဂုဏ်ပြုခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို တရုတ်က အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ် ပါတီ DPP ရဲ့ဒုတိယသမ္မတ ဝီလီယမ်လိုင် အနိုင်ရခဲ့ပြီး ဒီမိုကရေစီနဲ့အာဏာရှင်စနစ် အားပြိုင်နေချိန်မှာ သူ့ပါတီက တတိယအကြိမ်မြောက် အောင်ပွဲရရှိခဲ့တာပါ။

အာဏာရပါတီရဲ့ အောင်ပွဲကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်မဟာမိတ်နိုင်ငံတွေက ကြိုဆိုခဲ့ကြပေမယ့် တရုတ်ကတော့ အဲဒီနိုင်ငံတွေကို ပြစ်တင်ရှုတ်ချခဲ့သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပယ်ချလိုက်ပါတယ်။

DPP ပါတီအနိုင်ရရှိခဲ့ပြီးနောက် တရုတ်ရဲ့တုံ့ပြန်ပုံကို လေ့လာစောင့်ကြည့်သူတွေက နောက်ထပ်ရန်စမှုတွေရှိလာနိုင်တယ်လို့ ဆိုနေကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၀၂၄ နှစ်သစ်မိန့်ခွန်းမှာလည်း ထိုင်ဝမ်နဲ့ပြည်မကြီးပေါင်းစည်း သွားမှာဖြစ်တယ်လို့ ဆိုထားသလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း ဒီသဘောထားနဲ့ ပတ်သက်ပြီး အသိပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ဟာ ရွေးကောက်ပွဲအနိုင်ရသူ ဝီလီယမ်လိုင်ကို ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားသလို အန္တရာယ်ရှိသူအဖြစ်လည်း သတ်မှတ်ထားတာပါ။

ရွေးကောက်ပွဲအနိုင်ရခဲ့ပေမယ့် DPP ပါတီဟာ လွှတ်တော်မှာ လူများစုနေရာ ဆုံးရှုံးလိုက်ရတဲ့အတွက် ထိထိရောက်ရောက်အုပ်ချုပ်နိုင်ရေး တခြားဒေသတွင်းပါတီတွေရဲ့ ထောက်ခံမှုလိုအပ်နေတယ်လို့ သိရပါတယ်။

အတိုက်အခံ ကူမင်တန်ပါတီ KMT ဟာ လွှတ်တော်အမတ်အများဆုံးအဖြစ် ၅၂ နေရာ ရရှိထားပြီး DPP ကတော့ ၅၁ နေရာပဲအနိုင်ရရှိခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် ထိုင်ဝမ်ရဲ့ နိုင်ငံရေးအနာဂတ်ဟာ ရှုပ်ထွေးမှုတွေရှိလာနိုင်တယ်လို့ လေ့လာစောင့်ကြည်သူတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ ကျွန်းနိုင်ငံဖြစ်တဲ့ နော်ရူဟာကလည်း တရုတ်ဩဇာကို မလွန်ဆန်နိုင်တဲ့အတွက် ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး အဆုံးသတ်လိုက်တယ်လို့ သိရပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.