မော်လမြိုင် ၊ ဇန်နဝါရီ ၁၆

တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက်မဲ့သွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ တတိ ယကြိမ်အထိ ဆွေးနွေးမှုတွေ ကြိုးပမ်းခဲ့တာပါ။

ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့အတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်အရ ရှမ်းမြောက်မှာ နှစ်ဘက်တပ်တွေ အပစ်ခတ်ရပ်စဲဖို့ ဟိုင်ဂင်သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီက စတင်ပြီး နှစ်ဘက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲဖို့ ၊ တပ်ဖွဲ့ဝင်အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှုမရှိစေဖို့ ၊ တကယ်လို့ အ ငြင်းပွားဖွယ်ရာတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် တွေ့ဆုံဆွေးဆွေးရေးနဲ့ ဖြေရှင်းဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီချက် အသက်ဝင်ဖို့ ၂၄ နာရီ မပြည့်ခင်မှာပဲ ဇန်နဝါရီ ၁၂ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ရှမ်းမြောက်ဒေသကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီတပ်ဟာ အသိမ်းခံထားရတဲ့ စစ်စခန်းတွေကို အင်အားတိုးချဲ့ပြီး ပြန်လည်တိုက်ခိုက် သိမ်း ယူတာရှိသလို တအာင်းလူထုတွေကိုလည်း ပစ်မှတ်ထားလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုတွေကတော့ ယာယီအပစ်ခတ်ရပ်စဲရေးအပေါ် အယုံအကြည်မရှိကြဘူး။ အပစ်ခတ်ရပ်စဲရေး ကြေညာပြီးတော့ ၂၄ နာရီ မပြည့်ခင်မှာပဲ တိုက်ပွဲတွေက ဆက်ဖြစ်တယ်။စကစဘက်က ညီနောင်သုံးဖွဲ့ထဲက သိမ်းပြီး သားစစ်စခန်းတွေကို စစ်အင်အားပြန်တိုးချဲ့ပြီး ပြန်တိုက်ခိုက်သိမ်းယူတဲ့အပိုင်းတွေ ရှိလာတယ်။ အခုဆိုရင် စစ်အင်အားတွေ ပိုဖြည့်လာတယ်။ တအာင်းလူငယ်တွေ၊ တအာင်းလူ့အဖွဲ့အစည်းတွေ၊ တအာင်း CPO ကိုလည်း အဓိကပစ်မှတ်ထားပြီး စစ်ဆေးတယ်။ တအာင်းအိမ်တွေကအစ စစ်‌ဆေးဖမ်းဆီး ရိုက်နှက်တာတွေ ရှိတယ်”လို့ ဆိုပါတယ်။

တအာင်းအဖွဲ့ TNLA ကတော့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်က မိမိတို့တပ်ရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်ကို နေ့စဉ်လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ မူဆယ်မြို့ထဲ ထောက်ပို့ယာဉ်နဲ့ စစ်ကူလူအင်အား၊ လက်နက်ခဲယမ်းတွေ လာရောက်ဖြည့်တင်းနေတယ်လို့ TNLA က အ သိပေးထားတာပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဉ်အကြိမ်ကြိမ် ပေါ်ပေါ်တင်တင် ချိုးဖောက်ခြင်းဖြစ်တယ်လို့ TNLA က တုံ့ပြန်ထားပြီး စစ်ကောင်စီကတော့ ရှမ်းမြောက်မှာ ပြန်လည်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီဘက်က သဘောတူညီချက်ကို ချိုးဖောက်လိုက်တဲ့အတွက် ညီနောင်သုံးဖွဲ့အနေနဲ့ လားရှိုးသိမ်းပိုက်ရေးအတွက် အလုံးစုံပြင်ဆင်တဲ့ အခြေအနေရောက်ရှိ နေပြီလို့ သုံးသပ်ပါတယ်။

“ဟိုင်ဂင်သဘောတူညီချက်ကတော့ ၂၄ နာရီမပြည့်ခင်အတွင်းမှာ စစ်ကောင်စီချိုးဖောက်လို့ ပျက်သွားပြီလို့ ပြောနိုင်တယ်။ အဲဒီတော့ ဒီသဘောတူညီချက်ကို ချိုးဖောက်လိုက်လို့ စစ်ကောင်စီက အခု အဆက်မပြတ်တိုက်ခိုက်နေတဲ့ အခြေအနေမှာ TNLA နဲ့ ညီနောင်သုံးဖွဲ့က တခြား ရွေးချယ်စရာမရှိတော့ပါဘူး။ လားရှိုးကို ဝန်းပတ်ပိတ်ဆို့ပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ ဦးတည်ပြီးပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီဒေသမှာ စစ်ရေးအရှိန်အဟုန် ပိုမိုမြင့်မားပြီးတော့ လားရှိုးသိမ်း ပိုက်ရေးတိုက်ပွဲကို အလုံးစုံပြင်ဆင်ပြီးတော့ တိုက်ပွဲဝင်တော့မယ့် အခြေအနေရောက်ရှိနေပြီ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လားရှိုးကို အကျအရှုံးမခံနိုင်တဲ့အနေအထားဖြစ်တာကြောင့် ဒီကာလအတွင်းမှာ တရုတ်အားကိုးနဲ့ နောက်ထပ်ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာဖို့ ကြိုးစားမှာဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

ဟိုင်ဂင်သဘောတူညီချက်အရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာအစီအမံနဲ့ အခြားကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် တစ်လနှစ်လအတွင်း လားရှိုးကို ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ရိုက်ဝင်ရောက်သိမ်း ပိုက်တဲ့အနေအထားဖြစ်လာမှာမဟုတ်ဘဲ ဝန်းပတ်ထားတဲ့ အခြေအနေဖြစ်ပြီး လောက်ကိုင်မြို့လိုမျိုး စစ်ကောင်စီက လားရှိုးကို လက်နက်ချတဲ့အနေအထားအထိ ဖိအားပေးလာလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ စစ်တပ်က အခုလိုတိုက်ခိုက်နေတာတောင် ညီနောင်သုံးဖွဲ့ ဘက်က နေ့ချင်းညချင်း ပြန်လည်တိုက်ခိုက်မှု မလုပ်တာဟာ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ဖို့ ပြင်ဆင်စုဖွဲ့ချိန်အတွက် အရှိန်ယူနေတာလို့ သုံးသပ်ပါတယ်။

“သဘောတူညီချက် ရှိတာတောင်မှ စစ်တပ်က တိုက်ခိုက်နေတာတောင်မှ သူတို့ကနေ့ချင်းညချင်း ပြန်လည်တိုက်ခိုက်မှု မလုပ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း အနားယူဖို့ လိုအပ်သလို အရှိန်ယူနေတာပေါ့။ လားရှိုး ရမခတို့၊ ပြင်ဦးလွင်တို့သိမ်းဖို့ဆိုရင် သူတို့သိမ်းထားတဲ့ လက်နက်ပစ္စည်းတွေနဲ့ပြန်ပြီးသုံးဖို့ လိုအပ်တယ်။ အဲဒီအတွက်သူတို့မှာ ပြင်ဆင်စုဖွဲ့ချိန်တွေ လေ့ကျင့်ချိန်တွေလိုအပ်တယ်။ ဒါကြောင့်မို့လို့ အချိန်တစ်ခုအထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ရှိမလာသေးဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်”လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA တအာင်းအဖွဲ့ TNLA ရခိုင်အဖွဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်အတွင်း ရှမ်းမြောက်မှာ မြို့ပေါင်း ၁၆ မြို့နဲ့ တပ်စခန်းပေါင်း ရာချီ သိမ်းပိုက်ရရှိထားပြီး လားရှိုးမြို့က ရမခဌာနချုပ်ကို သိမ်းပိုက်ဖို့ ကျန်ရှိနေတာပါ။

သုံးနှစ်ပြည့်လုလာတဲ့ အာဏာသိမ်းမှုအတွင်း စစ်ကောင်စီတပ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို နိုင်ငံအနှံ့နီးပါး စစ်အင်အားဖြန့်ကျက်ပြီး ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.