ကျိုက်မရော၊ ဇန်နဝါရီ ၁၇
မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အခုရက်ပိုင်းအတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားသေဆုံးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ထောင်ဒဏ်တသက်ကျခံနေရတဲ့ အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခေါ်) ဟာရှင်ဟာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ် ရာတွေကြောင့် ထောင်ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသစဉ် သေဆုံးခဲ့ရတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ မီးသတ် CDM ဝန်ထမ်းလည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ဟာ လေထိုးလေအောင့်ရောဂါဖြစ်ပြီးနောက် ထောင်ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသစဉ် ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုမရတာ၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ၊ အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေထံ ပို့ဆောင်ကုသခွင့်မရတာကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။
“အကျဉ်းထောင်ထဲမှာ လုံလောက်သောဆေးဝါးစောင့်ရှောက်မှု မရှိတဲ့အခါ ပုံမှန်ရောဂါခံစားနေရတဲ့သူတွေက တဖြေးဖြေး ရောဂါတွေတိုးပွားလာတယ်။ အဲဒီကနေမှတဆင့် သေဆုံးကြတယ်ပေါ့။ နောက်တစ်ခုကကျတော့ ထောင်ထဲကိုမရောက်ခင် စစ်ကြောရေးမှာ နှိပ်စက်တဲ့ဒဏ်ရာတွေကြောင့်မို့လို့လည်း သေဆုံးရတဲ့သူတွေရှိတယ်။ နောက်တစ်ချက်ကလည်း အရေးပေါ်လူနာတွေကို ပြင်ပဆေးရုံကို အချိန်နဲ့တပြေးညီမပို့ဆောင်ပေးတဲ့အတွက် သေဆုံးရတာတွေရှိပါတယ်။ ဒီအချက်သုံးချက်ကိုတော့ ကျွန်တော်တို့တွေ့ရတယ်။ ပုံမှန်ရောဂါအခံရှိတဲ့ လူတွေကလည်း သေဆုံးတတ်တယ်။ ရောဂါအခံရှိတဲ့လူတွေက သူတို့ကိုယ်တိုင်လည်း ဆေးဝါးတွေအချိန်နဲ့တပြေးညီ သူတို့လက်ထဲကို မရရှိတာကြောင့်လည်း သေဆုံးရတာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသိုက်ထွန်းဦးက ရှင်းပြခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေထံ ထောင်ဝင်စာပါဆယ်ပစ္စည်း ပို့ဆောင်ရာမှာလည်း နိုင်ငံခြားဆေးဝါးတင်ပို့ခွင့် ပိတ်ပင်ထားတာ၊ စားသောက်စရာတွေကိုလည်း အကန့်အသတ်နဲ့သာ ပို့ဆောင်ကြဖို့ စည်းကမ်းတင်းကျပ်ထားတာပါ။
ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အပါအဝင် နိုင်ငံတကာနဲ့ပြည်တွင်း အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က တိုက်တွန်းထားပါတယ်။
တဖက်မှာတော့ စစ်ကောင်စီ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားဆက် ဆံတာ၊ မတရားဖိနှိပ်တာ၊ အလုပ်ကြမ်းခိုင်းစေတာ၊ ကိုယ်ထိလက်ရောက်မှုကျူးလွန်တာကအစ အကျဉ်းသားအခွင့်အရေးအမျိုးမျိုး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာပါ။
ကျိုက်မရောဗဟိုအကျဉ်းထောင်မှာတော့ စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားသူ ၄၀၀ ထက်မနည်းရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းများအရေး ကူညီဆောင်ရွက်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးမှာ ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media