မြဝတီ၊ ဇန်နဝါရီ ၁၆

ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှု မသိရသေးပါဘူး။

ကောဘရာစစ်ကြောင်း ၁ စစ်ကြောင်းမှူးဖြစ်သူကတော့ “ဆီပေါနေလား လက်ခတ်တောင်ကို လာလာပြီးကြဲနေတာ” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “လက်ခတ်တောင် လေယာဉ်လာကြဲသွားတယ်။ ၂လုံး (ပေါင် ၅၀၀ ဗုံး)” လို့ ရေးသားထားပါတယ်။

လက်ခတ်တောင်စခန်းကုန်းဟာ စစ်ရေးဗျူဟာအရ အရေးပါလှသလို စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကုန်းနေရာဖြစ်ပြီး အဲဒီစခန်းကုန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ခတ်တောင်စခန်းကုန်းကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ မကြာခဏဆိုသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် စခန်းကုန်းပေါ်မှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့ ဘုရားစေတီတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.