သံဖြူဇရပ်၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်မှာ ဇန်နဝါရီဒုတိယအပတ်အတွင်း ရဲဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထက်မနည်း ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်နေ ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ကိုဝတုတ်ကို နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၁၁ ၊ ၁၂ နဲ့ ၁၃ ရက်နေ့တို့မှာ သံဖြူဇရပ်မြို့ပေါ်က ဒေသခံ ၄ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထပ်မံဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိစစ်ကြောရေးသို့ ပို့ဆောင်ထားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သံဖြူဇရပ်မြို့တွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တကျော့ပြန် လိုက်လံဖမ်းဆီးမှုတွေကြောင့် မြို့ခံပြည်သူတွေအကြား စိုးရိမ်မှုတွေ ထပ်မံမြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးမြသန်းကို ဖမ်းဆီးရမိပြီးနောက် PDF တွေနဲ့ ပတ်သက်ဆက်နွှယ်သူ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီထားတဲ့ ဒေသခံတွေထဲမှာ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ကိုကို အပါအဝင် ဒေသခံ ၂၀ ကျော်ကို ထောင်ဒဏ်တသက်ချမှတ်နိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)တို့နဲ့ အမှုဖွင့်ပြီးနောက် ကျိုက်မရောဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ဟာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတာကြောင့် သေဆုံးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ ၈၀၀ ထက်မနည်းရှိခဲ့ပြီး အများစုဟာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.