စစ်တွေ၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်သွားပြီး ဒေသခံနေအိမ်အလုံး ၈၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ တောကန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း လေဖြတ်ထားတဲ့ အသက် ၇၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အတွက် ဒေသခံနေအိမ်  ၈၀ ထက်မနည်း မီးလောင်ပြာကျပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသနဲ့ အနီးအနား ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျီးလေးကျေးရွာအနီးမှာ ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့တဲ့အပြင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရက္ခိုင့်ဒေသအတွင်း စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းကုန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက် နေတဲ့ တပ်စခန်းကြီး၊ စခန်းငယ်တွေကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် မြို့နယ်အချို့မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေမှာ စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ဖြည့်တင်းနေပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ မတရား ဖမ်းဆီးမှုတွေနဲ့ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျတာတွေနဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာတွေ ပိုမိုများပြားလာတယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.