ကျိုက်မရော၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဆေးကုသခွင့် အပြည့်အဝ မရတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ဝင် CDM ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ လေထိုးလေအောင် ရောဂါမသက်သာတဲ့အတွက် ထောင်အဆောင်ကနေ ထောင်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

ထောင်ဆေးရုံအုပ် အနားယူနေတဲ့အတွက် တာဝန်ကျသွားဆရာဝန်က ဆေးတစ်လုံးထိုးပေးခဲ့ပြီး တစ်နာရီခန့်အကြာမှာ ပါးစပ်မှအမြှုပ်တွေထွက်လာပြီးနောက် မေ့လဲသွားတဲ့အတွက် အသက်ကယ်ဆေး နှစ်လုံးထိုးပေးကာ ထောင်ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့တာပါ။

အရေးပေါ်အောက်စီဂျင်နဲ့ ထောင်ပြင်ပဆေးရုံသို့ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့် ဖြိုးအောင်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၁ နာရီခန့်မှာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီးနောက် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတာပါ။

နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်ဟာ ဘားအံ(တောင်ကလေးထောင်)ကနေ ကျိုက်မရောဗဟိုအကျဉ်းထောင်ထံ ပြောင်းရွှေ့ခံရပြီးနောက် ဆေးကုသခွင့် အပြည့်အဝမရတဲ့အတွက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသခွင့် မပေးတာကြောင့် လူသတ်ကွင်းလိုဖြစ်လာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသိုက်ထွန်းဦးကတော့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုတွေ ရှိလာတဲ့အတွက် လုံလောက်တဲ့ ဆေးကုသခွင့်ပေးဖို့၊ နိုင်ငံခြားဆေးဝါးသွင်းခွင့်ပြုဖို့၊ အရေးကြီးလူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသခွင့်ပေးဖို့ PPNM က တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဆေးဝါးကုသခွင့် မရတာကြောင့် အသက် ၄၃ နှစ်အရွယ် ကိုရာရှင်ဟာ ထောင်ပြင်ပဆေးရုံအရောက်မှာ သေဆုံးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အ ချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့်မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၇ ဦး သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.