ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၆

ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက မွန်ဒေသတွင်း ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကောင်းမွန်လာဖို့ နည်းလမ်းအမျိုးမျိုးရှာပြီး အလေးနက်ထား လုပ်ဆောင်သွားမယ်လို့ ညီလာခံအပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ ပါတီရဲ့ဗဟိုဌာနချုပ် ရေးချောင်းဖျားမှာ ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံအပြီးမှာ အသိပေးထုတ်ပြန်လာတာပါ။

မွန်ဒေသအတွင်းက တချို့နေရာတွေမှာ ပြည်တွင်းစစ်မီးတွေကူးစက်လာနေပြီး အရပ်သားပြည်သူတချို့ စစ်ဘေးဒဏ်သင့်ခဲ့ရတဲ့အပေါ် ပါတီအနေနဲ့ မတားဆီးနိုင်တာကို မွန်သံဃာတွေနဲ့ ပြည်သူတွေက စိတ်အလိုမကျဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မွန်ဒေသတွင်း ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကောင်းမွန်လာဖို့ မွန်ပြည်သစ်ပါတီက ဘယ် လိုပုံစံနဲ့ အကောင်အထည်ဖော်သွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

မွန်အမျိုးသားရေးလုပ်ဆောင်နေသူတစ်ဦးက မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ဒေသတွေမှာ လုံခြုံရေးပေးသွားဖို့ ဖြစ်နိုင်ခြေရှိပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ ချမှတ်ထားတဲ့အတိုင်း သူတို့ရဲ့ မွန်ဒေသတွေမှာ လုံခြုံရေးပေးသွားဖို့ဆိုတာ ဖြစ်နိုင်ခြေအလားအလာရှိတယ်လို့ မြင်တယ်။ ဒီအပေါ် လုံခြုံရေးပေးသွားမယ့်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော၊ စကစတွေနဲ့ရော၊ သူတို့နဲ့ စိန်ခေါ်မှု တချို့တလေတော့ ဖြစ်သွားနိုင်တယ်လို့ ကျွန်တော်တော့ မြင်တယ်။ ဒါပေမယ့်ဘာပဲဖြစ်ဖြစ် သူတို့အချင်းချင်းမှာ ဘယ်လိုညှိနှိုင်းပြီး ဖော်ဆောင်သွားမလဲဆိုတာ သူတို့ရဲ့ အသေးစိတ်အစီအစဉ်တွေထဲမှာ ပါကောင်းပါနိုင်တယ်လို့ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဘဝတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညီညွတ်မှုရှိဖို့ ဆက်ကြိုးပမ်းမှာဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ်စီမံနိုင်ဖို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တို့ကြား တိုက်ပွဲအရှိန်ဟာ နေ့စဉ်မြင့်တက်လာပြီး တစ် နိုင်ငံလုံး အပစ်ရပ်ဖို့ မဖြစ်နိုင်သလို လောလောဆယ်မှာ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အရိပ်အယောင်မမြင်ဘူးလို့ မွန်ပြည်သစ်က ဆိုပါတယ်။

အခုလို အခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ အမျိုးသားစည်းလုံးမှုခိုင်မာအောင်နဲ့ပါတီတည် ဆောက်ရေး၊ တပ်၊ နယ်မြေဒေသတွေ ပိုမိုကောင်းမွန်အောင်ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က တာဝန်ခံနိုင်ပညာမာန်က “မွန်ပြည်သစ်ပါတီအနေနဲ့ သူ့ရဲ့ ထိန်းချုပ်နယ်မြေမှာပဲ ဒီလုပ်ငန်းတွေ ဖော်ဆောင်မှာလား ဒါမှမဟုတ် သူ့ရဲ့ ထိန်းချုပ်နယ်မြေပြင်ပ ကားလမ်းတစ်ဖက်ခြမ်းမှာရော သူ့ရဲ့အုပ်ချုပ်ရေးကို ဖော်ဆောင်မှာလား။ ပြီးတော့ အဲဒီမွန်ဒေသရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဖော်ဆောင်မှာလားဆိုတာတော့ စောင့်ကြည့်ဖို့ ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီလိုလုပ်လာရင်တော့ တစ်ဖက်မှာ စကစနဲ့ထိတွေ့မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ ဒါ‌ပေမယ့် လက်ရှိအချိန်မှာ ပြည်သူလူထုက စကစကို ရွံ့မုန်းနေတယ်။ စကစရဲ့ အုပ်ချုပ်ရေးကို ငြင်းပယ်နေကြတဲ့အချိန်ဖြစ်တဲ့အတွက် တော် လှန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီးတော့ လက်တွဲလုပ်ဆောင်တာက ပြည်သူ လူထုတွေက ကြိုဆိုမယ်လို့ မြင်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်နိုင်ငံရေးအကဲခတ်တွေကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုသာ ဆုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ ပါ ဝင်လာမှာ မဟုတ်ပေမယ့် စစ်ရေးပြင်ဆင်မှုတွေ လုပ်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ ပါတီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှစ်ဦး ထပ်တိုးပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိ ရွေးချယ်ခဲ့သလို ဗဟိုကော်မတီဝင် ၃၅ ဦး ၊ အရန်ဗဟို‌ကော်မ တီဝင် ၆ ဦး နဲ့ စစ်ကော်မတီဝင် ၇ ဦးတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုကော်မတီဝင် အရေအတွက်ထပ်တိုးထားတဲ့အတွက် လာမယ့် ၄ နှစ်တာအတွင်း မွန်ပြည်သစ်ပါတီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ထပ်ချဲ့မယ့်သဘောဖြစ်သလို ဒေသလုံခြုံရေးမှာ တပ်အင်အားချဲ့ ထွင်လာနိုင်တယ်လို့ ထောက်ပြကြတာလည်း ရှိပါတယ်။

ညီလာခံမှာ အတည်ပြုခဲ့တဲ့ ဗဟိုကော်မတီရဲ့ အစီရင်ခံစာပါ ကမ္ဘာ့အရေး၊ ပြည်တွင်းရေး၊ အင်အား စုအသီးသီး ၊ ပါတီတွင်း ၊ ပြည်သူလူထုနဲ့ လူငယ်စတဲ့ အခြေအနေတွေနဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကိုတော့ ဒီကနေ့အထိ အသေးစိတ်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက် ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ၇ ကြိမ်အထိ ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.