မော်လမြိုင်၊ ဇန်နဝါရီ ၁၆

နှစ်အစမှာ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိအပတ်အတွင်း မီးလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း ၇သောင်းကျော်အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်အစဖြစ်တဲ့ ဇန်နဝါရီပထမအပတ်တွင်း တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိယအပတ်ကစပြီး တစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်း ဈေး နှုန်းမြင့်တက်လာခဲ့တာပါ။

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနှုန်း ထပ်မံမြင့်တက်လာတာ၊ ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း တွက်ချက်ရောင်းဝယ်နေရတဲ့အတွက် ဈေးနှုန်းလိုက်တက်လာတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို ရွှေဝယ်ယူစုဆောင်းသူ မရှိသလောက် နည်းပါးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်မှာ ဇန်နဝါရီပထမအပတ်အတွင်း ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀၄၀ ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်အောင်စကို ဒေါ်လာ ၂၀၅၄ ဝန်းကျင်ထိ ဈေးနှုန်းအ နည်းငယ် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း ထပ်မံမြင့်တက်လာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကလည်း ရည်ညွှန်းရွှေဈေးနှုန်းကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျပ် ၃၆ သိန်း ၉ သောင်းကျော်အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ၃ ဆနီးပါး ဈေးနှုန်းမြင့်တက်နေပြီး ဈေးနှုန်း မတည်မငြိမ်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.