ကျိုက်မရော၊ ဇန်နဝါရီ ၁၆

မြန်မာစစ်တပ်သမိုင်းမှာ ရက်ပေါင်း ၅၀ ကြာ ခုခံပြီးပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂုဏ်ယူနေတဲ့ ချောင်းနှစ်ခွဒေသကို၂၄ နာရီအတွင်း အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တပ်မှူးနဲ့ Lion Battalion Commando စစ်ကြောင်းမှူးတို့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီ BGF တပ်စွဲနေထိုင်တဲ့ အတ္ထရံတံတား(ချောင်းနှစ်ခွ) ဂိတ်စခန်းနဲ့ နယ်မြေရဲစခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ၂ လနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲစစဖြစ်ချင်းနေ့မှာပဲ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ချောင်းနှစ်ခွတံတားဂိတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွနဲ့ ချောင်းနှစ်ခွ-တောင်ကလေးလမ်းပိုင်းတွေကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့ကာ ချောင်းနှစ်ခွစစ်ဆင်ရေး ရည်မှန်းချက် ၂ ခုကို တစ်နေ့မှာပဲ အောင်မြင်စွာရရှိခဲ့တယ်လို့ S.O.F တပ်မှူးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက လေကြောင်းပစ်ကူကိုပါ ဆက်တိုက်အသုံးပြု တိုက်ခိုက်နေပြီး မြေပြင်ကနေ စစ်ကူပေးခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။

ချောင်းနှစ်ခွဒေသကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်း ကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့အရာရှိအဆင့်တွေအပါအဝင် ၃၄ ဦးအထိ သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၃၀ ကျော်၊ လက်နက်မျိုးစုံ ၉၀ နီးပါး KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ရက်ပေါင်း ၅၀ ကျော်ကြာခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ဘက်ကနေ လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းစတဲ့ နည်းလမ်းပေါင်းစုံအသုံးပြုကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် တော်လှန်ရေးပူး ပေါင်းအဖွဲ့တွေက ပြန်ဆုတ်ပေးခဲ့တာပါ။

Lion Battalion Commando စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးက ချောင်းနှစ်ခွဒေသကနေ ခေတ္တ ခဏဆုတ်ခွာပေးမှုဟာ စစ်ရေးအရ ကြီးမားတဲ့ ပစ်မှတ်မဟုတ်တာအပြင် လူငယ်တွေကို နားပေးစေချင်တာဖြစ်ကြောင်းနဲ့ အချိန်မရွေး ပြန်သိမ်းပိုက်နိုင်တယ်လို့ ပြောပါတယ်။

“ချောင်းနှစ်ခွက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ပစ်မှတ်အရာ ကြီးကြီးမားမားလည်းမဟုတ်ဘူး။ ပြီးလို့ရှိရင် လိုချင်တဲ့အတိုင်းအတာနဲ့ ဒီနေရာရမှ ကျွန်တော်တို့ကလည်း အခြေစိုက်ပြီးတော့ အောင် မြင်မှုရတဲ့အနေအထားမဟုတ်ဘူး။ လာသမျှစစ်ကြောင်းကို သိမ်းဖို့ပဲ ကျွန်တော်တို့ ရည်ရွယ်ထားတာဖြစ်တယ်။ လူငယ်တွေကို နေနေနားနားနဲ့ အနားပေးလိုက်တဲ့ပုံစံမျိုးနဲ့ ခွာစစ်ကိုနည်းနည်းဆင်ပြီးတော့ အနောက်တစ်လှမ်းဆုတ်တယ်။ အနောက်တစ်လှမ်းဆုတ်တယ်ဆိုတာက ကျွန်တော်တို့က ပြေးဖို့တော့မဟုတ်ပါဘူး။ ဆုတ်တဲ့တစ်လှမ်းက ခြေကုန်အင်အားပြန်ယူပြီးတော့ နောက်ထပ်ဆယ်လှမ်းတိုးနိုင်ဖို့ရာအတွက် အားပြန်စိုက်တာဖြစ်တယ်။ ချောင်းနှစ်ခွကတော့ မနက်ဖြန်လား၊ သဘက်ခါလား၊ ဒီနေ့လား၊ ဒီတစ်နာရီမှာ အချိန်မရွေး ကျွန်တော်တို့ ဝင်စီးလို့ရတယ်၊ ဝင်လုပ်လို့ရတယ်” လို့ ဗိုလ်အယ်စေးဝါးက ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်တပ်လော်လီတွေကတော့ ချောင်းနှစ်ခွဒေသကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်ပြီးလို့ နှစ်ပတ်ကြာ သတင်းထုတ်လွှင့်မှုတွေရှိခဲ့သလို ချောင်းနှစ်ခွတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို သူရဲကောင်းတံဆိပ်နဲ့ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ချောင်းနှစ်ခွတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီလက်အောက်ခံ YMBA အသင်းက မော်လမြိုင်မြို့ရှိ ပရိယတ္တိဗိမာန်တော်မှာ YMBA ဂုဏ်ရည်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တပ်မှူး ကိုအောင်စံရှားကတော့ စစ်ကောင်စီတပ်က ချောင်းနှစ်ခွကို ပြန်လည်သိမ်းပိုက်ထားတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာတော့ အပြည့်အ၀ ပြန်လည်မသိမ်းပိုက်နိုင်သေးဘဲ ချောင်းနှစ်ခွရဲစခန်းအတွင်းမှာသာ ရှိနေပြီး ကျန်ရွာပတ်ဝန်းကျင်နေရာတွေအားလုံးမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)လည်းအပြည့်အ၀ ချောင်းနှစ်ခွကို ပြန်ပြီးတော့ သိမ်းပိုက်နိုင်တာမဟုတ်ပါဘူး။ သူတို့ အဲဒီတံတားကိုကူးတယ်။ ကူးပြီးတော့ အဲဒီတံတားမှာ သူတို့မှတ်တမ်းဓာတ်ပုံဗီဒီယိုတွေရိုက်ပြီးတော့ သူတို့လိုင်းပေါ်တင်တယ်။ ဝါဒဖြန့်တယ်ပေါ့နော်။ ချောင်းနှစ်ခွရဲစခန်းထဲမှာပဲ သူတို့ရှိပါတယ်။ အဲဒီရဲစခန်းနဲ့ ချောင်းနှစ်ခွနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေလမ်းပိုင်းတွေပေါ့နော်။ အား လုံးနီးပါးကတော့ လက်ရှိကျွန်တော်တို့ KNLA အပါအဝင် Lion SOF ဒီပူးပေါင်းအဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုအောက်မှာပဲရှိသေးတယ်ဆိုတာကို အခိုင်အမာပြောချင်တယ်” လို့ ကိုအောင်စံရှားက ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ချောင်းနှစ်ခွတိုက်ပွဲပြီးနောက် စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဟာ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့မှာသာ တပ်စွဲနေထိုင်နေပေမယ့် ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ချောင်းနှစ်ခွဒေသ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ဟာ ချောင်းနှစ်ခွ၊ တောင်းကလေး၊ ကျောက်ကွဲ၊ မယ်တရိုစတဲ့ကျေးရွာတွေ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကနေ တန်ဖိုးရှိပစ္စည်းတွေကို ကားကြီးကားငယ်တွေနဲ့ နေ့စဉ်ခိုးယူသယ်ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူလူထု ၂၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးသလို လူသားချင်းစာနာမှု အကူအညီလိုအပ်မှု မြင့်တက်လာတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Lion Battalion

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.