လွိုင်ကော် ၊ ဇန်နဝါရီ ၁၆

ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေအပြင် လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒီနှစ်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လွိုင်ကော်မြို့မှာ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော် လေဆိပ်အနီး နောင်ယားရပ်ကွက်မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အခန်းကျဉ်းတစ်ခုအတွင်း လူ ၁၅၀ လောက်နဲ့ အကျဉ်းချုံးပြုလုပ်ခဲ့ရတာပါ။

တိုက်ပွဲကြောင့် လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်းကျော် နေရပ်စွန့်ခွာခဲ့ရပေမယ့် စစ်ကောင်စီကတော့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင်ကြိုးပမ်းသူ ၅၇ ဦးကို ဆုပေးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့သူတွေကိုလည်း ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ပြုဆု ၆၆ ဆုပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားက ကယားပြည်နယ်နေ့အခမ်းအနားကျင်းပတာဟာ စစ်ကောင်စီက သူတို့ သက်ဆိုးရှည်ဖို့အတွက်ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“သူတို့လုပ်လိုင်ခြင်း မလုပ်နိုင်ခြင်းက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက်က လွိုင်ကော် မြို့ပေါ်မှာလည်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်။ သူတို့လုပ်လိုက်တဲ့ ကယားဒေးပွဲက သူတို့သက်ဆိုးရှည်ဖို့အတွက် သို့တည်းမဟုတ် သူတို့ဖော်တဲ့ခွဲခြားဆက်ဆံရေး ပြည်နယ်အချင်း ချင်း နိုင်ငံအဆင့်ပေါ့နော် ငြိမ်းချမ်းရေး လူမှုသဟဇာတဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မရလေ အောင်သူတို့လုပ်နေတဲ့ အခင်းအကျဉ်းပဲ”လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်ကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ မြို့တော်လွိုင်ကော်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေတာကြောင့် ပြည်သူတွေနေရပ်မပြန်ကြဖို့ မေတ္တာရပ်ခံထားချိန်မှာ စစ်ကောင်စီက အခုလိုပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းတို့တက်ရောက်ခဲ့ပေမယ့် နေပြည်တော်အခြေစိုက် စစ်ခေါင်းဆောင်တွေကတော့ တက်ရောက်ခဲ့တာမရှိဘူးလို့ သိရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ တွေ က လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ဌာနဆိုင်ရာစုပေါင်းရုံး၊တရားရုံးနဲ့ တက္ကသိုလ်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်နေပြီဖြစ်ပါတယ်။

အဲဒီလိုသိမ်းပိုက်ထားနိုင်တာကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ပညာရေးနဲ့ ကျန်းမာရေးအပါအဝင် ဌာနဆိုင်ရာ ယန္တယားအားလုံး ရပ်တန့်သွားပြီး လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က တရားဝင်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ –  MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.