မုန်း၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်း မုန်းမြို့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား ၁၉ ဦးခန့်ဟာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့တာ ဖြစ်ပါတယ်။

မုန်းမြို့ပေါ်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်ဝင်းတွေထဲက တပ်မိသားစုဝင် ၄၂ ဦးခန့်ကိုလည်း KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး စစ်သုံ့ပန်းဥပေဒတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရပါတယ်။

လက်ရှိအချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင်တွေအပေါ် အခွင့်အရေးချိုးဖောက်မှု တစိုးတစိမှမရှိဘဲ နိုင်ငံတကာဥပဒေတွေနဲ့အညီ ကူညီစောင့်ရှောက်ပေးထားလျက်ရှိတယ်လို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။

“လူသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက်ပေးထားလျက်ရှိသည်”လို့ KNUရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ အဖက်ဖက်ကနေ ဆုတ်ယုတ်လာပြီး အာဏာဆက်လက်တည်မြဲဖို့အတွက် ဝါဒဖြန့်ချီရေးယန္တယားကို အသုံးပြုကာ သူတို့(စစ်ကောင်စီ)အမြဲတစေ လုပ်ဆောင်ခဲ့တဲ့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနဲ့ သတင်းအမှားတွေကို အသုံးပြုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြည်သူက အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာတွေ အားထုတ်လုပ်ဆောင်လျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်ချီမှုကနေ ရှောင်ကျဉ်နိုင်ဖို့အတွက် ရရှိလာတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာတွေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကနေ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် တိုက်တွန်းနှိုးဆောက်လိုက်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.