မာလေ၊ ဇန်နဝါရီ ၁၆

တရုတ်နိုင်ငံ ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ မော်လ်ဒိုက်သမ္မတက အိန္ဒိယတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ခေါ်ယူပေးဖို့ နယူးဒေလီအစိုးရအား တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ မော်လ်ဒိုက်အပေါ် အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးနိုင်လိမ့်မယ်လို့ မှတ်ယူထားခဲ့ပေမယ့် မော်လ်ဒိုက်ဟာသူတို့ရဲ့ အကြီးမားဆုံးနိုင်ငံခြားကြွေးရှင်ဖြစ်တဲ့ တရုတ်ဘက်ကို ပိုမိုချဉ်းကပ်မှုတွေပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က မော်လ်ဒိုက်မှာ အိန္ဒိယအရှာရှိတွေနဲ့ ပြုလုပ်ခဲ့တဲ့ဆွေးနွေး ပွဲအတွင်း အိန္ဒိယတပ်ဖွဲ့ဝင်တွေ နောက်ဆုံးဆုတ်ခွာရမယ့်ရက်ကို အသိပေးခဲ့တယ်လို့ သမ္မတ မိုဟာမက် မူအီဇူက ပြောခဲ့ပါတယ်။

မော်လ်ဒိုက်ရဲ့ ကျယ်ပြန့်တဲ့ ရေပြင်ပိုင်နက်ကို ကင်းလှည့်စောင့်ကြည့်ရေး လေယာဉ် ၃ စီးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင် စစ်မှုထမ်း ၈၉ ဦးကို မော်လ်ဒိုက်မှာ ချထားတာပါ။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဆေးဘက်ဆိုင်ရာအရေးပေါ်ပြောင်းရွှေ့မှုတွေအတွက် ချထားတဲ့ အိန္ဒိယစစ်သားတွေ မော်လ်ဒိုက်မှာ ဆက်ရှိနေနိုင်ရေး နှစ်ဘက်အဆင်ပြေမယ့် အဖြေထွက်ပေါ်လာအောင် သံတမန်နည်းအရ ကြိုးစားသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

မော်လ်ဒိုက်နိုင်ငံဟာ သေးငယ်ပေမယ့် အနိုင်ကျင့်လို့ရမှာမဟုတ်ဘူးလို့ တရုတ်က ပြန်ရောက်လာပြီးနောက် မကြာခင်မှာပဲ မူအီဇူက ပြောခဲ့ပါတယ်။

တရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ မော်လ်ဒိုက်အပေါ် ဩဇာလွှမ်းမိုးနိုင်ဖို့ကြိုးပမ်းနေချိန်မှာ သမ္မတ မူအီဇူက တရုတ်နဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့ ကတိအပြင် အိန္ဒိယတပ်တွေကို နှင်ထုတ်မယ့် ရွေးကောက်ပွဲကတိကဝတ်တွေနဲ့ သမ္မတဖြစ်လာခဲ့တာပါ။

သူ့ရဲ့သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ်လည်း တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယတပ်တွေကို နှင်ထုတ်ပြီး တရုတ်တပ်ဖွဲ့တွေကို ခေါ်သွင်းကာ ဒေသတွင်း အင်အား ချိန်ခွင်လျာပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သမ္မတမူအီဇူက ပယ်ချထားပါတယ်။

မော်လ်ဒိုက်ဟာ တရုတ်နိုင်ငံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊မော်လ်ဒိုက်ပြည်သူတွေရဲ့ လူနေမှုဘဝအခြေအနေ တိုးတက်ရေး၊ စိုက်ပျိုးရေးနဲ့ ရေပြင်ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပါအဝင် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာမှာဖော်ပြထားပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.