သထုံ၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ် သထုံမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် ၆ နာရီမှ ည ၉ နာရီအချိန်အထိ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၄၀၂) အမြောက်တပ်တပ်ကနေ ဆူးအင်းကျေးရွာနဲ့ကော့လှိုင်းရွာ လေးကုန်းကျေးရွာထဲ လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဆူးအင်းကျေးရွာနေ စောဖိုးလေးနဲ့ စောရာဇာတို့ နေအိမ် ၂ လုံး၊ ကော့လှိုင်းရွာလေးကုန်းကျေးရွာနေ စောရွှေလှဝင်းနဲ့ စောမောင်ကျန်ရစ်တို့ နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီ အမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျုံမိန်နဲ့ ကော့လှိုင်းရွာလေးကုန်းကျေးရွာက အိမ်ခြေ  ၈၂ လုံး ၊ လူဦးရေ စုစုပေါင်း ၃၈၂ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ကျုံမိန်ကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦး သေဆုံးပြီး ဒေသခံ ၁၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု ၈ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.