မြိုင် – ဇန်နဝါရီ ၁၅

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ ယာဉ်တစ်စီးကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီယာဉ်တန်းကို တွင်းမနဲ့ သရက်ကန် ပျူစောထီး ကျေးရွာတွေကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

“ကားက ကန်းနီပျူစောထီးရွာကို ရိက္ခာသွားပို့တာမနိုင်လို့ ပြန်လှည့်လာတဲ့ကား။ကားတွေလည်း ထိခိုက်တယ်။ စစ်ကောင်စီတပ်သားတွေကိုလည်း အီနာဂါမိုင်းတွေနဲ့တိုက်ခိုက်လို့ ပြင်းပြင်းထန် ထန် ထိခိုက်သွားတယ်လို့ သိရပြီးတော့ သေဆုံးစာရင်းကို စုံစမ်းဆဲဖြစ်တယ်”လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီထောက်ပို့ယာဉ်နှစ်စီးပျက်စီးသွားတယ်လို့ သိရပြီး ပျက်စီးသွားတဲ့ ယာဉ်တစ်စီးကို စစ်ကောင်စီတပ်သားတွေယူဆောင်သွားကြကာ နောက်တစ်စီး ကိုတော့ ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မြေပြင်သတင်းရင်းမြစ်တွေရဲ့ အဆိုအရစစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ ဆိုထားကြပြီး သံလွင်တိုင်းမ် အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

တိုက်ခိုက်မှုကိုတော့မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ(၂-ဂဠုန်) ၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ ၊ Myaing Warriors တပ်ဖွဲ့ ၊ MRDFတပ်ဖွဲ့ ၊  KMDF(ကမ္မတပ်ပေါင်းစု)နဲ့ PDF Kamma( ကမ္မတပ်ပေါင်းစု) တို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့အသိပေးထားပါတယ်။ 

နိုင်ငံအနှံတိုက်ပွဲဖော်ဆောင်နေကြတာကြောင့် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ကားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေမကြာခဏသိမ်းဆည်းရမိနေတာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.