မြဝတီ၊ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အနီးက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee တို့ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းမှာ Video Conferencing နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်မှု၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ကြတာပါ။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားမှုနဲ့ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားရမယ့် အခြေ အနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြဝတီမြို့မှာ နေထိုင်သူတစ်ဦးက စစ်တပ်အနေနဲ့ နယ်ခြားစောင့်တပ် BGF တွေကို စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ KNU ကို တိုက်ခိုင်းနေတာမို့ ကျားဖြန့်လုပ်ငန်းကိုဖြိုခွင်းမှာ မဟုတ်ဘဲ စစ်ဆေးရုံနဲ့ ပြီးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ ထင်တာတော့ တပ်ကလည်း လုပ်မှာမဟုတ်ဘူး။ ဘယ်သူမှလည်း လုပ်မှာမဟုတ်ဘူး။ ဘာလို့ဆိုသူတို့က (ကျားဖြန့်ကို လုပ်ကိုင်နေတဲ့အဖွဲ့အစည်း) လက်နက်ကိုင်အင်အား သောင်းဂဏန်းရှိတယ်ဆိုတော့ ဒီအတိုင်းပဲအစစ်ပြပြီး ပြီးသွားမှာပဲ။ ဒီဟာတွေက နဂိုမြင်တဲ့အတိုင်းပဲ ဖြစ်နေမှာပဲ။ တပ်ကလည်း ဘယ်လိုမှမလုပ်ရဲဘူး ကြိမ်းသေတယ်။ နယ်ခြားစောင့်တပ်ကို လက်ရှိ KNU ကို တိုက်ခိုင်းနေတဲ့အခါကျတော့ သူတို့ဘယ်လိုမှ လုပ်ရဲမှာမဟုတ်ဘူး။ လက်ရှိမှာလည်း သူတို့ဝင်လို့လည်းမရ၊ ထွက်လို့လည်းမရဘူး။ ရွှေက္ကိုလ်မြို့ထဲတောင် ပေးမဝင်ဘူးဗျာ။ စစ်ဖို့နေနေသာသာ ကျန်တာတော့ဝေးရော”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဂျက်ကာပေါင် ဂျန်ပန်ပန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာတွေ့ပြီး မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
မြဝတီမြို့ရဲ့ မြောက်ဘက် ၁၀ မိုင်အကွာမှာ နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းအဖြစ် အကောင် အထည်ဖော်နေတဲ့ ရွှေကုက္ကိုမြို့ဟာ ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ ကရင်ပြည်နယ်ရဲ့ China Town လို့ လူသိများတဲ့မြို့ပါ။
အဲဒီစီမံကိန်းကို DKBA ကနေ ခွဲထွက်ခဲ့တဲ့ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group ) တို့ ပူးပေါင်းလုပ်ကိုင်နေတာပါ။
ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စုဟာ ဘန်ကောက်မှာ အခြေစိုက်ပြီး ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းဖြစ်ပေမယ့် လုပ်ငန်းစုကို ကမ္ဘောဒီးယားနဲ့မလေးရှားနိုင်ငံသားတွေအဖြစ် ခံယူထားတဲ့ တရုတ်လူမျိုးတွေက ဦးဆောင်နေတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာတော့ ရထိုက်လုပ်ငန်းစုနဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုအဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနမှာ မှတ် ပုံတင်ခဲ့ပါတယ်။
ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနရဲ့ မှတ်တမ်းအရ ကုမ္ပဏီရှယ်ယာကို ရထိုက်လုပ်ငန်းစုက ၈၀ ရာ ခိုင်နှုန်းနဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြတာပါ။
ဧကသုံးသောင်းနီးပါး အကျယ်အဝန်းရှိတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကုန်ကျမယ်လို့ တွက်ချက်ထားပြီး ၂၀၂၇ ခုနှစ်မှာ ပြီးစီးဖို့ ရည်ရွယ်ထားတယ်လို့ ISP-Myanmar ရဲ့ ၂၀၂၁ ခုနှစ် ဇွန်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။
အလားတူ KK Park မြို့သစ်စီမံကိန်းကလည်း ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တောင်ဘက်မှာ တည်ရှိပြီး ကာစီနိုလောင်းကစားရုံတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ရွှေကုက္ကိုစီမံကိန်းမှာ ပါဝင်နေကြတဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ ချစ်လင်းမြိုင်ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စောမင်းမင်းဦးနဲ့ ရထိုက်လုပ်ငန်းစုက တရုတ်လူမျိုး ရှီဇီကျန်းတို့ကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ပြီးခဲ့တဲ့ဒီဇင်ဘာ ၈ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/Thai TBF