မော်လမြိုင်၊ ဇန်နဝါရီ ၁၄
နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်မြင့်တက်လာတဲ့ မြန်မာနိုင်ငံကို ကူညီပေးဖို့ အမေရိကန်ဒေါ်လာ ၉၉၄ သန်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်တဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းနီးပါး စံချိန်တင်မြင့်တက်လာတယ်လို့ UNOCHA Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
အဲဒီထဲက အကူအညီလိုအပ်သူ လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစီးပေးကူညီသွားဖို့ စီစဉ်ထားပြီး သူတို့တွေကို အကူအညီပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

UNOCHA Myanmar ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်ဟာ နိုင်ငံအနှံ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်မြင့်တက်လာတာ၊ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ကုန်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်မှစတင်ခဲ့တဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှုဟာ နှစ်လကျော်ကြာဆက်လက်တည်ရှိနေပြီး ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ်အစောပိုင်း စစ်အာဏာသိမ်းယူမှုဖြစ်ပြီးကတည်းက ပမာဏအကြီးဆုံးဖြစ်ခဲ့သလို မြေပြင်ပထဝီဝင် အနေအထားအရ အကျယ်ပြန့်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတဝန်း လူဦးရေ ၂ ဒသမ ၆ သန်းကျော် ထွက်ပြေးခဲ့ရသလို အောက်တိုဘာလကုန်ကစလို့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ခန့်မှန်းခြေလူပေါင်း ၆၂၈၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဝင်ရောက်ကူညီခွင့်ကန့်သတ် ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အဟန့်အတားတွေကို ကြီးမားစွာရင်ဆိုင်နေရတယ်လို့ UNOCHA Myanmar က အသိပေးထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နဲ့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ လူသားချင်းစာနာမှု ကူညီပေးနေသူ ၁၄၂ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-WFP