ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၃

၁၁ ကြိမ်မြောက် ပါတီညီလာခံကနေ လူသစ်နှစ်ဦး ထပ်တိုးရုံကလွဲရင် ခေါင်းဆောင်ပိုင်း အပြောင်း အလဲမရှိတဲ့အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းမှာ ရပ်တည်ချက် ပြောင်းလဲမယ့်လမ်းစမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ပါတီညီလာခံကို ဌာနချုပ်ရှိရာ ရေးချောင်းဖျားမှာ စတင်ကျင်း ပခဲ့ပြီး လက်ရှိမှာတော့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ဗဟိုကော်မတီဝင်နဲ့ ဗဟိုအ လုပ်အမှုဆောင် ကော်မတီဝင်တွေကို ရွေးချယ်အတည်ပြုခဲ့တာပါ။

ပါတီရဲ့ ဗဟိုဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုတိယဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ ဖြစ်ကြပြီး ကျန်ရှိတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေလည်း အပြောင်းအလဲမရှိခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ကို ပြီးခဲ့တဲ့ညီလာခံမှာ အဖွဲ့ဝင် ၉ ဦး ရှိခဲ့ရာကနေ အခုညီလာခံမှာတော့ နောက်ထပ်နှစ်ဦး ထပ်တိုးရွေးချယ်ခဲ့ပြီး ဒုတိယစစ်ဦးစီးချုပ် ဗညားချမ်းနွန်နဲ့ မိစားတားတို့ ပါဝင်လာတာပါ။

မွန်နိုင်ငံရေးသမား နိုင်ထောရော့က ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိတဲ့အပေါ် မွန်ပြည်သစ်ပါတီရဲ့ လမ်းကြောင်းဟာ အာဏာသိမ်းပြီးချိန် လျှောက်တဲ့လမ်းနဲ့ ရှေ့ဆက်လျှောက်မယ့် လမ်းဟာ အတူတူပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်သစ်ပါတီရဲ့ လမ်းကြောင်းက စစ်အာဏာသိမ်းပြီးကတည်းက လျှောက်တဲ့လမ်းနဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းက အတူတူပဲလို့ ကျွန်တော်ထင်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဘူး၊ ထပ်တိုးတာပဲရှိတယ်။ အဲဒီထပ်တိုးတဲ့ ခေါင်းဆောင်ကလည်း အရင်ခေါင်းဆောင်တွေရဲ့ အ ရိပ်အာဝါသအောက်မှာပဲ ရှိနေမယ်လို့ မြင်မိတယ်။ ဒီဘက်က တော်လှန်ရေးအင်အားစုတွေတော့ မွန်ပြည်သစ်ပါတီ ညီလာခံရဲ့ ထွက်ပေါ်လာမယ့် အခင်းအကျင်းကို သိပ်ပြီးမျှော်ကိုးမထားဖို့ တိုက်တွန်းလိုပါတယ်”လို့ သူက ဆိုပါတယ်။

ညီလာခံကနေ ပါတီရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်နိုင်ဖို့ ဗဟို‌ကော်မတီဝင် ၃၅ ဦးနဲ့ အရန်ဗဟိုကော်မတီဝင် ၆ ဦး စုစုပေါင်း ၄၁ ဦးကို လျှိုဝှက်မဲနဲ့ ရွေးချယ်ခဲ့ပြီး အဲဒီကနေ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးနဲ့ ဗဟိုစစ်ကော်မတီဝင် ၇ ဦး တို့ကို ရွေးချယ်ခဲ့တာပါ။

ဗဟိုစစ်ကော်မတီဝင် ၇ ဦးထဲမှာ အတွင်းရေးမှူးအဖြစ် ဒုတိယ စစ်ဦးစီးချုပ် ဗညားချမ်းနွန်နဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးဟံသာတို့ ရွေးချယ်ခံခဲ့ရပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခင်း အကျင်းအပေါ် ပါတီရဲ့ ရပ်တည်ချက်ကိုတော့ မွန်ပြည်သစ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မွန်ပြည်သစ်ပါတီအနေနဲ့ ညီလာခံ ပထမပတ်အတွင်း ဗဟိုကော်မတီကနေ တင်ပြခဲ့တဲ့ အစီရင်ခံစာပါ ကမ္ဘာ့အရေး၊ ပြည်တွင်းရေး၊ အင်အားစုအသီးသီး ၊ ပါတီတွင်း ၊ ပြည်သူလူထုနဲ့ လူငယ်စတဲ့ အ ခြေအနေတွေနဲ့ အချက် ၁၃ ချက်ပါ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် နိုင်ငံရေး၊ အမျိုးသားရေး၊ ပါတီရေးရာတွေပါဝင်တဲ့ဗဟိုကော်မတီရဲ့ အစီရင်ခံစာအပါအ ဝင် အဲဒီအစီရင်ခံစာကို အခြေခံတဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကို တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှု ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကလည်း ညီလာခံကနေ သိသာမြင်သာတဲ့ နိုင်ငံရေး၊စစ်ရေးမူဝါဒအပေါ် အပြောင်းအလဲ မရှိလာတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်ကလည်း အရင်အတိုင်းပဲ သွားလိမ့်မယ်လို့ သုံး သပ်ပါတယ်။

“ဒီညီလာခံကနေ သိသာမြင်သာတဲ့ အမျိုးသားရေး၊ နိုင်ငံရေး၊ စစ်ရေးမူဝါဒ ပေါ်လစီအပြောင်းအလဲ Radical Change မရှိလာတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေး စစ်ရေးရပ်တည်ချက်က သိသိသာသာ ပြောင်းလဲလာမှာမဟုတ်ဘဲ အရင်တုန်းကလိုပဲ Standard Goal လို့ ခေါ်တဲ့ ပိုနေမြဲ ကျားနေမြဲ မြွေမသေတုတ်မကျိုး ရပ်တည်ချက်မျိုးနဲ့ ဆက်လက်ရပ်တည်သွားလိမ့်မယ်လို့ သုံးသပ်မိတယ်”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်း ဆောင်ရဲ့ ကြိုတင်ကန့်သတ်မထားတဲ့ နိုင်ငံရေးဆွေးနွေးမှု ကမ်းလှမ်းချက်အပေါ် ၂၀၂၃ ခုနှစ် ဇူလိုင်အထိ ၆ ကြိမ်ထက်မနည်း ဆွေးနွေးခဲ့တာပါ။

အဲဒီဆွေးနွေးမှု‌တွေမှာ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေခံပြီး ဆွေးနွေးတာ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုကို မပြုလုပ်နိုင်တာကြောင့် နိုင်ငံရေးအရ ဆွေးနွေးမှုကို မွန်ပြည်သစ်ပါတီက ရပ်တန့်ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရေးကဏ္ဍကလွဲရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်‌တွေ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကိုတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ဆက် လက်ဆွေးနွေးနေတာပါ။

မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကလည်း အသစ်ဖွဲ့ လိုက်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ကော်မတီဝင်တွေအနေနဲ့ စစ်ရေးအရ ပြင်ဆင်မှုတွေ လုပ်လာနိုင်ပေမယ့် နိုင်ငံရေးအရ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေဦးမယ်လို့ သုံးသပ်ပါတယ်။

“စစ်ရေးပြင်ဆင်လာတာကလွဲပြီး ထူးခြားချက် တစုံတရာမတွေ့မိပါဘူး။ စစ်ဘက်ဆိုင်ရာအရာရှိတွေ အများအပြားအရွေးခံရတာကြည့်ရင် သိသာပါတယ်။ ဒါက လက်ရှိရှမ်းမြောက်ဒေသ စစ် ဆင်ရေး ၁၀၂၇ ကနေ အချက် ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ မဟာမိတ်တပ်တွေရဲ့ စစ်အောင်မြင်မှုနဲ့ စစ်ကောင်စီရဲ့ကျရှုံးမှုတွေအပေါ် ကြည့်ပြီး အသစ်ဖွဲ့ NMSP ကော်မတီဝင်တွေက စစ်ရေးပြင်ဆင်မှုတွေ လုပ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးတံခါးကို အမြဲတမ်းဖွင့်ထားမယ်လို့လည်း ဆိုထားပါတယ်။ ဆိုတော့ စစ်ရေးအရ ပြင်ဆင်မှုတွေ လုပ်လာပေမယ့် နိုင်ငံ ရေးအရ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေဦးမှာပါပဲ”လို့ ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့က ပါတီညီလာခံကျင်းပနေချိန်မှာပဲ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မွန်ပြည်သစ်ပါတီအပါအဝင် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ထပ်မံတွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပါအဝင် ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုင် ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပါတီဥက္ကဌ နိုင်ဟံသာကတော့ မိမိတို့မလှုပ်ရှားဘဲ ဒီအတိုင်းကြာကြာနေလို့ တခြားအဖွဲ့တွေ သိမ်းလိုက်တဲ့အခါကျရင် ဘာမှပြောလို့ရမှာမဟုတ်တဲ့အတွက် လမ်းစဉ်ပြောင်းသင့်ရင် ပြောင်းရမှာဖြစ်ပေမယ့် အခုထိပစ်ခတ်မှုမဖြစ်အောင် ထိန်းထားတယ်လို့ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ ညီလာခံမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယပတ်မှာ ပြောဆိုထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းမှု သုံးနှစ်နီးပါးအတွင်း တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တောက် လျှောက်ဆုပ်ကိုင်ခဲ့တဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းပေါ် ပါတီညီလာခံအတွင်း ဘယ်လိုမူဝါဒလမ်းစဉ်တွေ ချ မှတ်ခဲ့တာ ရှိမလဲဆိုတာ ရွေးချယ်ခံရတဲ့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်ထံ သံလွင်တိုင်းမ်က ဆက်သွယ်ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.