ဂန့်ဂေါ – ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ယောကာကွယ်ရေးတပ် – YDF ဟာရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့အတူတိုက်ပွဲဝင်နေတယ်လို့ YDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဒုတိယအပတ်က ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာစခန်း သိမ်းတိုက်ပွဲမှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

“မကြာသေးခင်ကမှ ကျွန်တော်တို့ယောဒေသက စစ်ကောင်စီပွိုင့်ကုန်းတွေကို သိမ်းခဲ့တာတွေ ရှိတယ်။ စစ်ကောင်စီစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ရန်သူဘက်က အင်အားအများအပြားနဲ့လာလို့ သုံးပတ်လောက်အချိန်ကြာအောင်တိုက်ခိုက်ခဲ့ရတာတွေရှိတယ်။ ဆက်ပြီးတော့လည်း မဟာမိတ်တွေနဲ့အတူ အောင်ပွဲတွေရအောင်တိုက်ခိုက်သွားမယ်”လို့ YDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင်စစ်ရေးအခြေအနေဟာ အရက်ထပ်ပိုမိုပြင်းထန်လာတဲ့အတွက် ပြည်သူတွေရဲ့ ရည်မှန်ချက်ဖြစ်တဲ့ ငြိမ်ချမ်းရေးရရှိအောင် အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ သူက ပြောပါသေးတယ်။ 

အာဏာသိမ်းစစ်ကောင်စီကို YDF တဖွဲ့တည်းတိုက်ခိုက်နေတာထပ် ပူးပေါင်းတိုက်ခိုက်ပါက အချိန်တိုအတွင်းအောင်ပွဲရနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကို နမူနာယူပြီး မဟာမိတ်အဖွဲ့ အစည်းတွေနဲ့အတူ နေရာဒေသမရွေးပူးပေါင်းစစ်ဆင်ရေးတွေဆင်နွှဲနေတာဖြစ်တယ်လို့သိရပါ တယ်။

တောင်ရှည်တောင်ဗျူဟာကုန်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ဝန်ကျင်ရှိပြီး တိုက်ပွဲမှာ ၃ ပတ်လောက်ကြာခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက် မှာ ရက္ခိုင့်တပ်တော်နဲ့ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ရေးအတွေ့အကြုံရရှိအောင်တိုက်ပွဲဝင်ခွင့်ပေးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ကို YDF က ကျေးဇူးတင်ကြောင်းလည်း သီးခြားထုတ်ပြန်ထားပါတယ်။ 

ယောကာကွယ်ရေးတပ် – YDF ဟာ ယောဒေသကပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ဒေသခံလူငယ်တွေဖွဲ့စည်းထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရက္ခိုင့်တပ်တော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.