မော်လမြိုင်၊ ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေကို စစ်ကောင်စီနဲ့ နှစ်ဖက်အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ညီနောင်မဟာမိတ်သုံးဖြစ်တဲ့ MNDAA၊ TNLA ၊ AA တို့ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ နှစ်ရက်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲဟာ တတိယကြိမ်မြောက်ဖြစ်ပြီး ” ဟိုင်ဂင်သဘောတူညီမှု” အချက် ၃ ချက် ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီသဘောတူညီမှုတွေထဲမှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၉ နာရီခန့်မှစပြီး နှစ်ဖက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားမှာ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားဖွယ်ရာတွေနဲ့ လိုလားချက် (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
သဘောတူညီမှုရရှိစေဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်မပြုလုပ်ဖို့ သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း သိမ်းပိုက်ထားရတဲ့ နေရာအားလုံးကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအတွင်းရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေဖို့နဲ့ မဖျက်ဆီးကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ပစ်ခတ်ရပ်စဲမှု သဘောတူညီမှု ရရှိခဲ့တယ်လို့ ဒီနေ့ ညဦးပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
နှစ်ဖက်သဘောတူညီမှု ရရှိခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA စစ်ဦးစီးဌာချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်အမြစ်မပြတ်သရွေ့ ပြည်သူ လူထုတွေနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်း ရှိနေမယ်လို့ ဒီနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၅၅ မိနစ်အချိန်ခန့်က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI