++++++++++++
အပစ်ခတ်ရပ်စဲမှု ပေါ်ပေါ်တင်တင် ချိုးဖောက်တာလို့ TNLA ပြော
မော်လမြိုင် – ဇန်နဝါရီ ၁၃
တအာင်းပြည်နယ်၊တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က အပစ်ရပ် လက်မှတ်ထိုးထားတာကို ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့
PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းက အင်အားအများအပြားနဲ့ TNLA တပ်တည်ရှိနေတဲ့ ငြိမ်းချမ်းရေးကုန်းကို ထိုးစစ် ဆင်တိုက်ခိုက်နေတာပါ။
တိုက်ပွဲမှာ ၂ နာရီလောက်အထိ ဖြစ်ပွားပြီးနောက် တအာင်းတပ်မတော်က အခြေချတပ်စွဲထား တဲ့ ငြိမ်းချမ်းရေးကုန်းကို ပြည်သူတွေစစ်ဒဏ်သင့်မှာ စိုးရိမ်တဲ့အတွက် ယာယီနောက်ဆုတ်ပေး ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က လက်မှတ်ထိုးထားတဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာတာဖြစ်ကာ ဒီလုပ်ရပ်ဟာ ဒုတိယ အကြိမ်မြောက် အပစ်ရပ်လက်မှတ်ကို ချိုးဖောက်တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA တည်ရှိရာကို လက်နက်ကြီးနဲ့ မိုးကုတ်၊ကျောက်မဲနဲ့ လားရှိုးမြို့နယ်တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို အပစ်ရပ်လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ထိုးစစ်ဆင် နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA