ထားဝယ်၊ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရဘဲ နည်းလမ်းမျိုးစုံးသုံးပြီး ဖိနှိပ်ခံနေရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က သိရပါတယ်။

ထားဝယ်အကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ ထောင်တွင်းအကျဉ်းသားတွေအနက် နိုင်ငံ ရေး အကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဖိနှိပ်လေ့ရှိသလို ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့ DPPN က ပြောပါတယ်။

ဆေးကုသခွင့်မရတာကြောင့် အသက် ၅၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်သား ဦးထွန်းဝေဟာ မျက်စိကွယ်သွားခဲ့ရတယ်လို့ DPPN က ဇန်နဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဦးထွန်းဝေဟာ မျက်စိတိမ်စွဲရောဂါကြောင့် လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ပြင်ပမှာ ဆေးကုသခွင့်ပေးဖို့ ထောင်အာဏာပိုင်တွေထံ တင်ပြတောင်းဆိုခဲ့ပေမယ့် ဆေးကုသခွင့်မရလို့ အခုဇန်နဝါရီ လအတွင်း မျက်စိကွယ်သွားတာလို့ ဆိုပါတယ်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ဦးထွန်းဝေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့၅၀၅ (က) တို့နဲ့ ထောင်ဒဏ် ၉ နှစ် အမိန့်ချမှတ်ထားတာပါ။

ထားဝယ်အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေအနေနဲ့ ကျန်းမာရေးကိစ္စဖြစ်လာပါက ထောင်ဆေးရုံကပေးတဲ့ မဖြစ်စလောက်ဆေးဝါးတွေနဲ့သာ ဆေးကုသနေရပြီး ရောဂါကြီးမားပါကလည်း ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်လုံးဝမရှိဘူးလို့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ထားဝယ်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းဟာ အမောဖောက်သဖြင့် ထောင်တွင်းဆေးခန်းမှတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့စဉ် သေဆုံးသွားခဲ့ပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူ ၄၀၀ နီးပါးရှိနေပြီး ထောင်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်တာ၊ ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ ခံစားနေရတယ်လို့ သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Dawei Watch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.