မော်လမြိုင်၊ ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီလက် ချက်ကြောင့် အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၅၄၁ ဦးရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ BWU အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်တာ၊ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးရတာ၊ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်ခံတာရကြောင့်ဖြစ်တယ်လို့ BWU က ဆိုထားပါတယ်။

အမျိုးသမီးသေဆုံးမှုအရ ပြီးခဲ့တဲ့ဒီဇင်ဘာလ တစ်လတည်းမှာပဲ ၃၃ ဦး သေဆုံးခဲ့ပြီး ရခိုင်၊ ကရင်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့က အများဆုံးပါဝင်တယ်လို့ BWU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU အဖွဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အမျိုးသမီးတွေဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တချို့ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ကျေးရွာအတွင်း ကျန်ရှိခဲ့တဲ့အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေကိုပါခံနေရသလို အဲဒီဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပေါ်ခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက် အလက်တွေအရ သိရှိရပါတယ်။

BWU ရဲ့ အဆိုအရ တစ်နှစ်အတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၅၄၁ ဦးမှာ ထောင်ဒဏ်ပြစ်ဒဏ်ကျခံရတဲ့ အမျိုးသမီး ၃၁၈ ဦးရှိပြီး သူတို့တွေဟာ လူမှုကွန်ရက်တွေမှာ စစ်ကောင်စီတပ်ကို ဝေဖန်ရေး သားတာ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

BWU ကတော့ ဒီအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကောက်ယူထားတာ ဖြစ်ပေမယ့် မြေ ပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ် ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၇၀၅ ဦး သေဆုံးပြီး ၃၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.