နေပြည်တော်၊ ဇန်နဝါရီ ၁၀

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသတစ်ခုလုံး လက်လွှတ်ရပြီး နောက် စစ်ကောင်စီဟာ စစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်တချို့နဲ့ ဝန်ကြီးရာထူးနေရာ အပြောင်းအလဲ ပြု လုပ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန ၄ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို ကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီး ဌာန ၁ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို ကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန ၂ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားတဲ့ ပြည် ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အစား ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစားထိုးခန့်အပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းအရင်းအမြစ်တွေအရ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းအစား စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်ကိုတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နေရာမှာတော့ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိ ယ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နဲ့ အစာထိုးပြောင်းလဲတာဝန်ပေးအပ်ထားတယ်လို့ ကာကွယ်ရေးဦးစီး ချုပ်ရုံး သတင်းအရင်းအမြစ်တွေက သိရှိရပါတယ်။

ရေတပ်ချုပ်ကို အပြောင်းအလဲပြုလုပ်မှုဟာ စစ်ကောင်စီရဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ပေါ်ထွက်လာပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ လက်ရှိကာလမှာ ကြည်း၊ ရေ၊ လေနဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေတာကြောင့် အခုရာထူးအပြောင်းအလဲကနေ ပိုမိုထူးခြားလာစရာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

”ကျွန်တော်မြင်တာကတော့ ဘယ်လိုပဲပြောင်းပြောင်း အခုထက်ပိုမတိုက်နိုင်တော့ပါဘူး။ အမိန့်ပေးစနစ်က တစ်ခုထဲအောက်မှာရှိတာ။ သူတို့အချင်းချင်းပြသနာရှိလို့များလား ဒါမှမဟုတ် လက်ရှိလူကိုအားမရလို့လား။ ပိုပြီးကောင်းလာမယ်ထင်လို့လား။ ကျွန်တော်ကတော့ မထင်ဘူး။ သူတို့လည်း အ ခုအသားကုန်တိုက်နေရတာပဲ ။ အားလုံးကဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အမိန့်အောက်မှာ တိုက်ဆိုတိုက်၊ မတိုက်နဲ့ဆိုမတိုက် အဲဒီသဘောမျိုးသွားနေရတာဖြစ်တဲ့အတွက် ဒီကိစ္စကထူးခြားလာစရာမရှိဘူး” လို့ ဆိုပါတယ်။

စစ်ဗိုလ်ချုပ်တချို့နဲ့ ဝန်ကြီးရာထူးနေရာ အပြောင်းအလဲဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်အ ဖွဲ့ MNDAA က ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ကြေညာပြီး ၃ ရက်ကြာမှာပဲ အခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာတာပါ။

ဇန်နဝါရီ ၅ ရက်နေ့က ထောင်ချီတဲ့တပ်ဖွဲ့တွေ ပါဝင်တဲ့ ရှမ်းမြောက်ရှိ လောက်ကိုင်မြို့က ဒေသကွပ် ကဲမှုစစ်ဌာနချုပ် တစ်ခုလုံးအပါအဝင် အနီးပတ်ဝန်းကျင်းရှိ တပ်ရင်းစခန်းအားလုံး “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

လက်နက်ချသူတွေအားလုံးထဲမှာ အရာရှိ ၂၂၈ ဦး ပါဝင်ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦး နဲ့ အခြား အဆင့်ရှိသူ ၁၈၉၀ ကျော် ပါဝင်သလို နောက်ဆုံးအသုတ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦး ပါ ဝင်ခဲ့တာကြောင့် တပ်ဖွဲ့ ဝင်ပေါင်း ၂၄၀၀ ဝန်းကျင်အထိ လက်နက်ချအညံ့ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့စစ်တပ်သမိုင်းအဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ဌာနချုပ်တစ်ခုလုံးအထိ ဘယ်တုန်းကမှ လက်နက်ချအညံ့မခံခဲ့ဖူးတဲ့ စစ်တပ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ လက်နက်ချခဲ့ရပါတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးရာထူး အပြောင်းအလဲကို အရေးပေါ်ကာလသက်တမ်းတိုးမှ ပြုလုပ်လေ့ရှိတဲ့ စစ်ကောင်စီဟာ အခုအခါမှာတော့ အရေးပေါ်ကာလသက်တမ်းမကုန်ခင်မှာပဲ အပြောင်းအလဲပြုလုပ်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.