နေပြည်တော် ၊ ဇန်နဝါရီ ၉

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားကြရမယ်လို့ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထပ်ထပ် မှာကြားနေရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ စစ်တပ်က အရာရှိတွေနဲ့ တာဝန်ရှိသူတွေကို ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာပါ။

ဒုစစ်ခေါင်းဆောင်က ပြည်ထောင်စုနေ့အခမ်းအနားဟာ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်တဲ့အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက် စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးရမှာဖြစ်သလို လုံခြုံရေးကို အရင်အခမ်းအနားတွေထက် ပိုပြီး တင်းကျပ်သွားကြရမယ်လို့ ဆိုပါတယ်။

အခမ်းအနားအစမ်းလေ့ကျင့်တာနဲ့ အခမ်းအနားကျင်းပတဲ့အခါ လုံခြုံရေးတိုးမြင့်သွားကြဖို့ လိုသလို လုံခြုံရေးလျော့နည်းတဲ့ ဖြစ်စဉ်တွေ မဖြစ်ပေါ်စေရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သူက သက်ဆိုင်ရာကော်မတီတွေနဲ့ ဆပ်ကော်မတီတွေကို မှာကြားခဲ့တာပါ။

ဒါ့အပြင် ကျန်းမာရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို တိတိကျကျ လုပ်ဆောင်သွားကြရမှာဖြစ်သလို တစ်ဖက်မှာလည်း အခမ်းအနားကျင်းပနေချိန်အတွင်း ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာရင်အချိန်နဲ့ တစ်ပြေးညီ သိရှိပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စီမံချက်ရေးဆွဲကာကြိုတင်ဇာတ်တိုက် လေ့ကျင့်သွားဖို့ လိုတယ်လို့ ထပ်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်နဲ့ ကရင်နီ စတဲ့ ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို အလူးအလဲခံနေရပြီး တပ်ဖွဲ့ဝင်ထောင်ချီ လက်နက်ချအညံ့ခံမှုတွေလည်း ရှိလာနေတာပါ။

ဒီအခြေအနေမှာ အရေးနိမ့်လာနေတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်းနဲ့ တပ်ထောက်ခံသူတွေရဲ့ ဝေဖန်မှုတွေလည်း ရင်ဆိုင်နေရတဲ့အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ် အကြံပြုနိုင်ဖို့ လူစားလဲတာတွေလည်း ရှိနေပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်အပါအဝင် ချင်း၊စစ်ကိုင်းနဲ့ ကရင်နီတို့မှာ မြို့ပေါင်း ၂၅ မြို့ ထက်မနည်း လက်လွှတ်ဆုံးရှုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.