မော်လမြိုင် ၊ ဇန်နဝါရီ ၄
တစ်နိုင်ငံလုံးအနှံ့ ထိုးစစ်ကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာတွေကို လက်နက်ဆန်းတွေသုံးပြီး လေ ကြောင်းနဲ့ ဗုံးကြဲမယ်လို့ ခြိမ်းခြောက်လာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ပြောဆိုခဲ့တာပါ။
ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က မင်းတို့ တိုင်းရင်းသားတွေရဲ့ ဒေသတွေကို စစ်ရေးအရတိုက်ယူလို့ ရခဲ့ရင်တောင် ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘဲ စစ်တပ်မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေ ကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာလို့ ဆိုပါတယ်။
အဲဒီပြောဆိုချက်ကို တအာင်းအဖွဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ‘NSPNC အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့ တိုင်းပြည်အပေါ် ထားတဲ့စေတနာ’ဆိုပြီး လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
တအာင်းအဖွဲ့ TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၂ လကျော်အတွင်း ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ဒါဇင်ချီသိမ်းယူခဲ့သလို နမ့်ဆန် ၊ နမ့်ခမ်း ၊ မိုင်းလုံ ၊ မန်တုံ ၊ နမ္မတူ နဲ့ မိုင်းငေါ့ မြို့တိုကို အလုံး စုံ သိမ်းပိုက်ထားပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်ရဲ့ ပြောဆိုချက်အပေါ် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ သက်သေရသွားတာဖြစ်သလို မထူးဇာတ်ခင်းကြတာလို့ မှတ်ချက်ပြုပါတယ်။
“ဒီလိုပြောဆိုချက်တွေကတော့ တကယ်တမ်းဆိုရင် စစ်ရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတာ အင်မ တန် သက်သေခိုင်မာတဲ့ အချက်တစ်ချက်ရသွားတာပေါ့ဗျာ။ တကယ်တမ်း စစ်တိုက်တယ်ဆိုတာ စည်းလွတ်ဘောင်လွတ် လုပ်သွားလို့မှမရဘဲ။ စစ်တိုက်တယ်ဆိုပြီး ပြည်သူလူထုရဲ့ အိုးအိမ်စည်း စိမ်တွေကို လိုက်ဖျက်ဆီးတာ၊ ဒါစစ်တိုက်တာလို့ မခေါ်ဘူးဗျ။ စစ်ဆိုတာတောင်မှ သူ့စည်းနဲ့ဘောင်နဲ့ ရှိတယ်ဆိုတာ သိထားဖို့လိုတယ်။ စစ်ကောင်စီအနေနဲ့ကတော့ မထူးဇာတ်ခင်းကြပြီး မိုက်တွင်းကို နက်သထက်နက်အောင် တူးကြတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်ဗျာ”လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ တရုတ်အ ကူအညီယူပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA တို့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ကြိမ်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ပထမကြိမ်တွေ့ဆုံမှုမှာတော့ ကိုးကန့်ဒေသအတွင်း ဒီဇင်ဘာလကုန်အထိ အပစ်ခတ်ရပ်စဲဖို့ သ ဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒုတိယကြိမ်ဆွေးနွေးမှုမှာတော့ သ ဘောတူညီချက်မရရှိဘဲ ဆွေးနွေးပွဲပျက်သွားခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီအနေနဲ့ မတတ်သာလို့သာ ဆွေးနွေးဖို့ ပြောပေမယ့် တကယ်တမ်း စိတ်စေတနာမှာ တိုင်းရင်းသားတွေအပေါ် အမြဲတမ်းအနိုင်ကျင့်ဗိုလ်ကျမယ့် အပြောအဆိုနဲ့ အမြဲတမ်း ပြုမူဆက်ဆံခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံရေးဆွေးနွေးချင်တယ်ပြောပြီးတော့ စစ်ရေးနဲ့ ဖိအားပေးခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာပေါ့။ ဒါကစစ်တပ်ရဲ့ Mind Set ပေါ့။ အဲဒီလို အမြဲတမ်းရှိတယ်။ မတတ်သာလို့သာ သူတို့ဘက်က အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ခါမို့လို့သာ ဒီလိုဆွေးနွေးဖို့ ပြောတာဖြစ်တယ်။ တကယ်တမ်းကျတော့ သူတို့ရဲ့စိတ်စေတနာမှာ လက်နက်ကိုင်အဖွဲ့တွေ တိုင်းရင်းသားအဖွဲ့တွေပေါ်မှာ ဘယ်တော့မှ အသိအမှတ်ပြုတဲ့သဘောမျိုး၊ နိုင်ငံရေးအားဖြင့် ဆက်ဆံတဲ့သဘောမျိုး မရှိခဲ့ဘူး။ အမြဲတမ်းအ နိုင်ကျင့်ဗိုလ်ကျမယ့် အပြောအဆိုလုပ်ရပ်မျိုးနဲ့ပဲ သူတို့စစ်တပ် တစ်သက်လုံး တိုင်းရင်းသားတွေအပေါ် ပြုမူဆက်ဆံခဲ့တယ်။ အဲဒါလည်း အခုဗိုလ်ချုပ်ကြီးမင်းနိုင်ပြလိုက်တာ။ စိတ်ထဲမှာရှိတာကို သူပြောလိုက်တာပဲ”လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီ ကိုယ်စားလှယ်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဖက်ဒရယ်လမ်းကြောင်းပေါ် အမြဲတမ်းခိုင်ခိုင်မာမာ ရပ်တည်ထားတာဖြစ်တဲ့အတွက် သမိုင်းအမည်းစက်အဖြစ် မှတ်တမ်းတင်ခံရတဲ့ စကားမျိုးလို့ ဦးဖေသန်းက မှတ် ချက်ပြုပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး ဒီကနေ့အထိ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတို့မှာ တပ်စခန်းပေါင်း ရာချီဆုံးရှုံးခဲ့ရပြီး အဲဒီဒေသတချို့မှာလည်း ၂၀ မြို့ထက်နည်း လက်လွှတ်ထားရတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ မဟာမိတ်တပ်ဖွဲ့တွေကို တန်ပြန်ချေမှုန်းမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကြုံးဝါးထားပေမယ့် အသိမ်းခံရတဲ့မြို့တွေ၊ တပ်စခန်းတွေကို အခုထိပြန်မယူနိုင်သေးသလို ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေလည်း ထပ်မံသိမ်းပိုက်ခံနေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေကို စစ်ကောင်စီက မြေပြင်ကနေ တာဝေးပစ်လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်ခတ်သလို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ မှတ်တမ်းတွေအရ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်း လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂၈ ဦး အပါအဝင် အရပ်သား ၁၂၃ ဦး သေဆုံးခဲ့ရပြီး ၂၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လတ်တလောမှာလည်း ရှမ်းမြောက်အပါအဝင် စစ်ကိုင်းနဲ့ ရခိုင်ဒေသတို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
စစ်ရေးသုတေသီတချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ရရှိထားတဲ့ နယ်မြေတွေ ရေရှည်မှာ ကြံ့ကြံ့ခံ ထိန်းချုပ်ထားနိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်တွေ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI