ဖာပွန်၊ ဇန်နဝါရီ ၄

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်အတွက် အရေးပါတဲ့တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုဟာ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့ စဖဲထာစခန်းနဲ့ စောထာတပ်စခန်းတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဲဒီစခန်းသိမ်း တိုက်ပွဲ ၂ ခုအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ ဒီဇင်ဘာလ တစ်လတာအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၉၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ စစ်တဲစခန်း ၁၃ လုံး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်လတာတိုက်ပွဲအတွင်း KNLA ဘက်က ၆ ဦး ကျဆုံးခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့တပ်စခန်း ၂ ခုကိုလည်း သိမ်းယူရရှိခဲ့တယ်လို့ တပ်မဟာ ၅ ဘက်က ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် ဖာပွန်ခရိုင် လူသောမြို့နယ် မြောက်ပိုင်းဒေသအတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ အလုံးပေါင်း ၄၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ဘုရားကျောင်း ၁ ကျောင်း၊ ဝတ်ပြုဆုတောင်းဆောင် ၁ ဆောင်၊ နေအိမ် ၄ လုံးနဲ့ စပါးကျီ၊ ဆိုင်ကယ်၊ စက်လှေတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.