ကျောက်တော်၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ မင်းပြားမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ၂ ဦးသေဆုံးပြီး နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က နေ့လည်ပိုင်းအချိန်ခန့်မှာ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာကို ဒရုန်းဗုံး ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မျောက်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေဖြစ်တဲ့ အသက် ၃ နှစ်အရွယ်ယောင်္ကျားလေး ၁ ဦးနဲ့ အသက် ၂၂ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး ထိမှန် သေဆုံးခဲ့ပါတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိူသမီး ၃ ဦးလည်း ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မင်းပြားမြို့နယ်၊ ကျိန်းတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၃၈၀၊ ခမရ-၃၇၉နဲ့ ခမရ-၅၄၁ တပ်ရင်း တွေမှ မင်းပြားမြို့ထဲကို လက်နက်ကြီး အကြိမ် ၃၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံးနဲ့ မူလတန်း ကျောင်းတစ်ကျောင်း လုံး၀ပြိုကျ ပျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မင်းပြားမြို့မဈေးထဲကိုလည်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းအချို့ ပြိုကျပျက်စီးခဲ့ရသလို ကျီးဖြူကျေးရွာကိုလည်း ကျရောက် ပေါက်ကွဲမှုကြောင့် သစ်ပင်ကြီးတွေ ကျိုးပဲ့ကာ ပျက်ဆီးဆုံးရှုံးမှုအချို့ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့ကလည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မြောက်ဦးယဉ်ကျေးမှုပြတိုက် ပြိုကျပျက်ဆီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.