နေပြည်တော်၊ ဒီဇင်ဘာ ၂၉

နိုင်ငံအနှံ့တိုက်ပွဲတွေမှာ အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အဆင့်မြင့်ဒရုန်းတွေကို အသုံးပြုပြီး တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်တော့မယ်လို့ ဝါဒဖြန့်တယ်လီဂရမ်အကောင့်တွေမှာ ဖော်ပြနေကြပါတယ်။

အာဏာသိမ်း ၃ နှစ်နီးပါးအတွင်း နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်းဖို့နဲ့ လေယာဉ်ဆီအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

အခုလိုအခြေအနေတွေကြောင့် စစ်ကောင်စီဟာ ဒရုန်းနဲ့အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို ဗုံးကြဲဖို့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

လေတပ် CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်လာပါက တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေလည်း စစ်ကောင်စီ ဧရိယာထဲဝင်ရောက်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။

”အားနည်းချက်က ခံစစ်ကုန်းတွေ၊ ဗျူဟာကုန်းတွေမှာ သူတို့ကဒရုန်းနဲ့တက်မယ်ဆိုရင်က သူတို့ရဲ့ ဒရုန်းဂျန်မာတွေ Anti Drone Jammer တွေပိတ်ရမယ်။ အဲဒီလိုကျရင်ကျွန်တော်တို့ဘက်ကလည်း လွယ်လွယ်ကူကူ ဝင်လို့ရသွားပြီလေ” လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ CZ55 UAV အမျိုးအစား ဒရုန်းအကြီးစားတွေကို စတင်အသုံးပြုသွားမှာဖြစ်တယ်လို့ ဖော်ပြတာတွေရှိသလို တချို့စာမျက်နှာတွေမှာလည်း ဝါရာဇွပ် ပြည်သူ့ စစ်အဖွဲ့က CZ 55 UAV ဒရုန်းတွေကို ထုတ်ပြပြီဆိုပြီး ဖော်ပြနေကြပါတယ်။

CZ 55 UAV ဒရုန်းဟာ တရုတ်နိုင်ငံထုတ် ဒရုန်းအမျိုးအစားတစ်ခုဖြစ်ပြီး အမြင့်ပေ ၁၄၀၀၀ ကျော်အထိ အမြင့်ဆုံးပျံသန်းနိုင်ပေမယ့် အလေးချိန်အများကြီးသယ်ဆောင်လို့မရသလို ရာသီဥတုအပေါ်မူတည်ပြီး ပျံသန်းမှုကြာချိန်ကွာခြားတယ်လို့ ကုမ္ပဏီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

PDF တပ်ဖွဲ့တွေဟာ တပ်ဖျောက်စနစ်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ထိထိ ရောက်ရောက် တိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံကပြောပါတယ်။

” PDF တွေအတွက် ဖြိုခွဲမှုကတော့ ဒရုန်းနဲ့သုံးလည်း ထိခိုက်မှုကတော့ရှိနိုင်မှာမဟုတ်ဘူး။ အဲဒါကိုတော့ ဂရုမစိုက်ဘူး။ သူတို့ကသာ အထိုင်စခန်းကြီးတွေရှိတယ်။ ကျွန်တော်တို့ PDF တွေမှာတော့ အထိုင်စခန်းဆိုတာ မရှိဘူး။ အကုန်ဖျောက်ထားတာဖြစ်တယ်။ အားလုံးတပ်ဖျောက်ထားတာဖြစ်တဲ့အတွက် သူတို့ဘက်က တိုက်ခိုက်လာလည်း ကျွန်တော်တို့ဘက်က ဂရုစိုက်စရာမရှိပါဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ကင်းထောက်ဒရုန်းတွေကို ညတိုင်းနီးပါး အသုံးပြုနေပေမယ့် ဗုံးသီးချတိုက်ခိုက်တာမရှိသေးဘူးလို့ သိရပြီး ကရင်နီပြည်နယ်မှာတော့ ပြီးခဲ့တဲ့နှစ်ထဲက ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေတာရှိတယ်လို့ မြေပြင်သတင်းအ ချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီတော်လှန်ရေးတပ်တွေရဲ့ ဌာနချုပ်အထင်နဲ့ စစ်ဘေးရှောင်စခန်းတွေကို ဒရုန်းနဲ့ မကြာခဏလာရောက် ဗုံးသီးချတိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ နယ်မြေကျွမ်းကျင်မှုရှိတဲ့အတွက် စစ်ကောင်စီရဲ့ဒရုန်းဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ခူးဒန်နီရယ်လ်က ပြောပါတယ်။

“ထူးလာမှာလည်းမဟုတ်ပါဘူး။ လေယာဉ်နဲ့တောင်မှ သူတို့တိုက်လာပြီးပြီ။ ဒရုန်းနဲ့ကတော့အဲဒီလောက်ထိ ထိရောက်မှုရှိတယ်လို့ ပြောလို့မရဘူး။ နောက်ပြီးမှ ကျွန်တော်တို့တစ်ခုသာတာက မြေ ပြင်မှာကျွမ်းကျွင်မှုက ကျွန်တော်တို့ပိုသိတယ်။ သူတို့ကတော့ ကျွန်တော်တို့လောက်မသိနိုင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတွေမှာ ဂျန်မာတွေတပ်ဆင်ထားရပြီး ဒရုန်းအန္တရာယ်အတွက် နှိုးဆော်စာတွေလည်း ဖြန့်ဝေနေရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။

စစ်ကောင်စီတပ်ကို အကြောက်တရားပေးနေတဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Federal Wings အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်အပါအဝင် တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာ ထိရောက်တဲ့ ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့နေရာတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေအထိ တိုက်ခိုက်နိုင်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် ဒရုန်းစစ်ဆင်ရေးတွေဟာ စစ်ကောင်စီအတွက် အကြောက်တရားဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီလိုအထိနာနေတဲ့ စစ်ကောင်စီဘက်က ဒရုန်းတွေကို ထုတ်ပြန်လာတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ကြောက်အောင်ခြောက်တဲ့ သဘောသာဖြစ်တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူးက သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းနဲ့တန်ပြန်တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေပေမယ့် ထိရောက်မှုရှိမရှိ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ လာမယ့်ကာလတွေအတွင်း အစုအဝေးလုပ်တာတွေကို ရှောင်ရှားဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ နှိုးဆော်ထားပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာတွေအရ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ နီးပါး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.