ကော့ကရိတ်၊ ဒီဇင်ဘာ ၂၉

တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အချိန်တစ်လနီးပါးကြာ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ခံနေရတယ်လို့ ကော့ကရိတ်သတင်ရင်းမြစ်တွေကနေ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးတိုက်ပွဲတွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့ အနောက် တောင်ဘက်ခြမ်းရှိ တောင်ကြာအင်းကျေးရွာဘက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ကော့ကရိတ်မြို့တွင်းထဲက စစ်ကောင်စီတပ် ခလရ-၉၇ တပ်ရင်းဌာ နချုပ်ရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းပြီးပစ်ခတ်နေတာကို တွေ့နေရပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KLOUD အဖွဲ့ကလည်း ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို မောင်းသူမဲ့ဒရုန်းလေယာဉ်ငယ်တွေနဲ့ တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ကော့ကရိတ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လက်ရှိအချိန်အထိ နေအိမ် ၄၀ ကျော်လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကော့ကရိတ်ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာလည်း ကော့ကရိတ်မြို့ အနောက်တောင်ဘက်ခြမ်းရှိ KNU ကျုံဒိုးမြို့နယ်အတွင်းရှိ တောင်ကြာအင်းကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက် ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

KNU ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ အများအပြား ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကော့ကရိတ်တစ်မြို့နယ်လုံးမှာ စစ်ရှောင်ပြည်သူ ၃၀၀၀၀ ကျော်ရှိကာ အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြား ရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.