သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီးထားတဲ့ ဒေသခံ ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းကို ပစ္စတိုသေနတ် တစ်လက်နဲ့အတူ ဖမ်းဆီးရပြီးနောက် စစ်ကောင်စီတပ်ဟာ မြို့အတွင်းရှိ PDF နဲ့ ဆက်စပ်သူ ၆၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးနေတာပါ။

အဲဒီထဲက သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးမှာ စစ်ဆေးခဲ့တဲ့ ကိုဝေလင်းစို၊ ကိုထက်နိုင်ဦးနဲ့ ဦးကျော်စွာထွန်းတို့ကို စစ်ကောင်စီကနေ သံဖြူဇရပ်မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည) ၊ ၅၂(က)အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)တို့နဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထပ်မံအမှု ဖွင့်ခဲ့ပါတယ်။

စစ်ကောင်စီ စွဲဆိုထားတဲ့ ပုဒ်မတွေအရ ကိုဝေလင်းစိုးတို့ ၃ ဦးဟာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ကနေ ထောင်အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပါဝင်ဖူးတာ၊ စစ်ကောင်စီကို လူမှုကွန်ရက်မှာ ဝေဖန်တာ၊ PDF တွေထံ ရိက္ခာ၊ ဆေးဝါးနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုအပါအဝင် ဒေသခံ ၃ ဦးကိုလည်း ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတာပါ။

သံဖြူဇရပ်မြို့အတွင်း စစ်ကောင်စီတပ်ကနေ ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲမှာ ၆ ဦးကိုသာ ရဲတပ် ဖွဲ့ထံ ပြန်လွှဲပေးထားပြီး ကျန်ဒေသခံတွေက ဝဲကလိစစ်ကြောရေးမှာ ဆက်လက်စစ်ဆေးနေသလို အဲဒီထဲက ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ဟာ ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံဖြူဇရပ်မြို့ ပကဖအဖွဲ့ဝင် ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဟေမာန်ဆောက်လုပ်ရေး ပစ္စည်းအရောင်းပိုင်ရှင် ကိုတရုတ်ရဲ့ နေအိမ်နဲ့ ဆိုင်အပါအဝင် ဒေသခံနေအိမ် ၅ လုံးထက်မနည်း ချိပ်ပိတ်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.