ဘန်ကောက်၊ ဒီဇင်ဘာ ၂၃
ထောင်ဒဏ် ၈ နှစ်အမိန့်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ဖျားနာနေတဲ့အတွက် ရဲချုပ်ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ ထိုင်းတရားရေး ဝန်ကြီး ရဲမှူးကြီး တာဝီဆွတ်ဆောင်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းကို တည်ဆဲဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး အထူးကုသမှု တစ်စုံတစ်ရာ ရရှိထားတာ မရှိဘူးလို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက ၁၅ နှစ်ကြာ ပြည်ပြေးဘဝနဲ့ နေထိုင်ခဲ့တဲ့ သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၀၆ ခုနှစ် စက်တင်ဘာလအတွင်း သူ့ရဲ့အကျင့်ပျက်ခြစားမှုတွေကို တရားရင်ဆိုင်ဖို့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
လက်ရှိမှာတော့ အမည်မသိ ဝေဒနာတစ်ခုကြောင့် သူပြန်ရောက်ပြီးထဲက ဘန်ကောက် အချုပ်ထောင်ကနေ ရဲချုပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဘန်ကောက်ရဲ့ တော်ဝင်အားကစားကလပ်ကို အပေါ်စီးမှ မြင်ရတဲ့ ဆေးရုံ ၁၄ လွှာမှာရှိတဲ့ အခန်းတစ်ခန်းမှာ ရှိနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဆေးဝါးကုသနေတာဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ရက်ပေါင်း ၁၂၀ ပြည့် ပြီဖြစ်တဲ့အတွက် ဥပဒေပြဌာန်းသူတွေကတော့ အကျဉ်းသားတစ်ဦးကို ဆေးရုံမှာ ရက်ရှည်ထားခဲ့တာနဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု အထွေထွေဒါရိုက်တာနဲ့ ဆေးရုံမှူးတွေကို စာရေးတင်ပြဖို့ တောင်းဆိုထားပါတယ်။
တရားရေးဝန်ကြီးကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေပေးအပ်မယ့် တရားဝင်စာရွက်စာတမ်းတွေကို ပါလီမန်ကျင်းပတဲ့နေ့မှာ ရရှိဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားပြီး အကျင့်ပျက်ခြစားမှု အထွေထွေဒါရိုက်တာကိုလည်း ဒီကိစ္စအတွက် တောင်းဆိုထားတယ်လို့ ပြောပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ မစ္စတာသက်ဆင်ရဲ့ ထောင်ဒဏ်ကို ၈ နှစ်ကနေ ၁ နှစ်လျှော့ချထားတာဖြစ်တဲ့အတွက် အဲဒီအချိန်ကို ထောင်ထဲမှာပဲ ကုန်ဆုံးသင့်တယ်လို့ ဆိုထားသလို သူဟာ အဲဒီဆေးရုံမှာ မရှိနိုင်ဘူးလို့လည်း ယူဆနေကြတာပါ။
မစ္စတာသက်ဆင်ဟာ သွေးတိုးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါလက္ခဏာလို ရောဂါပေါင်းများစွာကို ခံစားနေသလို ဥပဒေအရ လူနာရဲ့ ဆေးကုသမှုအခြေအနေကို ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ တရားရေးဝန်ကြီးက တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် သက်ဆင်ဆေးရုံမှာ နေထိုင်စဉ်အတွင်း အကျဉ်းသားစည်းမျဉ်းနဲ့ ဥပဒေအတိုင်း ကန့်သတ်ထားကာ အကျဉ်းအာဏာပိုင်တွေက အထူးစောင့်ကြည့်နေကြသလို ဧည့်တွေ့လည်း လက်မခံထားဘဲ ဘယ်အကျဉ်းသားကိုမှ သီးသန့်ဆေးကုသမှုမပေးဘူးလို့ တရားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Ref:The Nation Thailand