လောင်းလုံး၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သလို နှစ်ဖက်တပ်တွေဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းထောင်ဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် မီးရှို့ခံခဲ့ရတာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် ညနေ ၅ နာရီအချိန်လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လောင်းလုံးမြို့ရှိ စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့နေရာသုံးခုကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း မြို့ခံတွေဖြစ်တဲ့ ကိုစိုးသူနဲ့ မနှင်းနှင်းအေးတို့ လင်မယားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သလို အရပ်သားပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ထားဝယ်ပြည်သူ့ဆေးရုံထံ အရေးပေါ် ပို့ဆောင်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် လောင်းလုံးအထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ် ဆေးရေးဂိတ်နဲ့ ညောင်ပင်လမ်းဆုံရှိ စစ်မှုထမ်းဟောင်းရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ အလောင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး တွေ့ရှိထားပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က လာရောက်ကောက်ယူတာ မရှိသေးပါဘူး။

အဲဒီပစ်ခတ်မှုပြီးနောက် မနက်ပိုင်းကစပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသလို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီတပ်ဟာ သဗျာ၊ညင်းမောင်အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံနေအိမ်တွေရှိ ရွှေ၊ငွေနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မသိမ်းယူတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.